ဖားကန့်လျှပ်စစ်ရုံး ဗုံးကွဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ မြို့နယ်လျှပ်စစ်ရုံးမှာ ဧပြီ ၁ ရက် ည ၇ နာရီကျော် လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက ဖားကန့်မြို့မှာ လျှပ်စစ်မီတာခံ ကောက်ခံခြင်းမရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကတည်းက လျှပ်စစ်မီတာခတွေ လိုက်လံကောက်ခံနေတာကြောင့် အခုလို ဗုံးဖောက်ခွဲခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဖားကန့်မှာ လျှပ်စစ်မီတာကောက်ခံတာ မရှိတော့ဘူး။ အဲ့တာကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး မီတာခပြန်လိုက်ကောက်နေတာ။ မနေ့ည ၇ နာရီက ဖားကန့်မြို့နယ်လျှပ်စစ်မီတာရုံးမှာ ဗုံးပေါက်ကွဲတော့ လူထိခိုက်မှုရှိခဲ့တယ်။ ဘေးပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေ ထိခိုက်တာ။ စိုးရိမ်စရာတော့ မရှိပါဘူး။"
ယူမာဘက်မှာလည်း ည ၇ နာရီကျော်လောက်က EPC ရုံးမှာ ဗုံးကွဲခဲ့ပေမဲ့ လူအထိအခိုက် မရှိဘူးလို့ ဒေသခံက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်မီတာခ ကောက်ခံတာမလုပ်ဖို့ ကချင်လွတ်မြောက်တပ်မတော်က တားမြစ်ထားပါတယ်။
အခုရက်ပိုင်းအတွင်းလည်း ဖားကန့်မြို့မရဲစခန်းနဲ့ ဖားကန့်စည်ပင်ရုံးတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။