ရေးမြို့ အောင်မေတ္တာရပ်ကွက်က မိုင်တဲလ်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ မိုင်တဲလ်ရုံးကို ဧပြီ ၇ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်က မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံတဦးက "အသံက ကျယ်လောင်ပြီး ထိတ်လန့်သွားတယ်။ အခု စစ်တပ် ရဲတွေက မိုင်းခွဲခံရတဲ့ မိုင်တဲလ်ရုံးကို စစ်ဆေးနေတယ်။ လမ်းကို ပိတ်ဆို့ထားပြီး လုံခြုံရေး တင်းကျပ်ထားတယ်။ ဒဏ်ရာရတဲ့ လူနာတွေကို လူနာတင်ယာဉ်ကားနဲ့ သယ်သွားတာ၊ ထိခိုက် ဒဏ်ရာရသူ အနည်းဆုံး ၃ ဦးလောက်ရှိမယ်" လို့ ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၃ ဦး ဘယ်သူတွေဆိုတာတော့ မသိရသေးဘဲ ၂ ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
မိုင်တဲလ်ရုံးက စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်ရဲ့ အကျိုးစီးပွားလည်း ဖြစ်တာကြောင့် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ရေးဘီးလူးအဖွဲ့က ပြောပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး မိုင်တဲလ်တာဝါတိုင် ၈ ခုမြောက် ဖျက်ဆီးခံရတာဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှာတော့ မြေအောက်ဆက်သွယ်ရေးလိုင်းတွေ အပါအဝင် မိုင်တဲလ်တာဝါတိုင် အနည်းဆုံး ၁၀ ခုလောက် ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့ မိုင်တဲလ်ကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရတာ မနှစ် ဒီဇင်ဘာလအထိ စာရင်းတွေအရ တိုင်ပေါင်း ၃၆၀ ကျော်ထိရှိပြီး တာဝါတိုင်တစုံလုံးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၂,၀၀၀ ဝန်းကျင်ရှိတာကြောင့် စုစုပေါင်း ကျပ်ငွေ ၇၂ ဘီလီယံအထိ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။