close

မြန်မာအပါအဝင် အိမ်နီးချင်း ၃ နိုင်ငံမှ လုပ်သား ၁၆၀,၀၀၀ ကျော် ထိုင်းခေါ်ယူမည်

မြန်မာအပါအဝင် အိမ်နီးချင်း ၃ နိုင်ငံက ရွှေ့ပြောင်းလုပ်သားဦးရေ ၁၆၀,၀၀၀ ထက်မနည်းကို MoU စနစ်နဲ့ ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာနက ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေကတဆင့် ကိုဗစ်-၁၉ ရောဂါ ပိုမိုကူးစက် ပျံ့နှံ့လာနိုင်တာကို အများစုက စိုးရိမ်ပူပန်ခဲ့ကြပြီးနောက် လုပ်သားရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ပြင်ဆင်ခဲ့တာလို့ ထိုင်းအလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပိုင်ရွိင် ချိုတီကဆာထီယန်းက ပြောပါတယ်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာနအနေနဲ့ ဒီပြဿနာကို နည်းလမ်း ၂ မျိုးနဲ့ ဖြေရှင်းသွားမှာဖြစ်ကာ အလုပ်သမား ခေါ်ယူရေးဆိုင်ရာ MoU စာချွန်လွှာ ထိုးထားတဲ့ ၃ နိုင်ငံက ရွှေ့ပြောင်းလုပ်သား ၁၆၇,၉၆၁ ယောက် ခေါ်ယူသွားမှာဖြစ်ကြောင်း၊ အဲဒီထဲမှာတော့ မြန်မာက ၁၁၇,၀၂၉ ယောက်နဲ့ အများဆုံး ပါဝင်နေပြီး ကမ္ဘောဒီးယားက ၃၈,၉၃၃ ယောက်၊ လာအိုက ၁၁,၉၉၉ ယောက် ပါဝင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အလုပ်ရှင်တွေအနေနဲ့ မြန်မာနိုင်ငံက လုပ်သားတွေကို အများဆုံး လိုချင်ကြပေမယ့် လတ်တလော နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် သူတို့ကို ခေါ်ယူရာမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့လည်း ညွှန်ကြားရေးမှူးချုပ် ပိုင်ရွိင် ချိုတီကဆာထီယန်းက ပြောပါတယ်။

နောက်ထပ် နည်းလမ်းတခုကတော့ ထိုင်းနိုင်ငံက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ကို အလုပ်လုပ်ခွင့်ပါမစ် ပေးမှာဖြစ်တာမို့ သူတို့အနေနဲ့ ထိုင်းမှာ ဆက်လက်ပြီးတော့ ရှိနေနိုင်မယ်လို့ ဆိုပါတယ်။

တရားမဝင် အလုပ်သမား ငှားရမ်းလိုကြတဲ့ ထိုင်းအလုပ်ရှင်တွေကိုလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ ကျန်းမာရေးအရ လုံခြုံဘေးကင်းရေးကို ပထမဦးစားပေး စဉ်းစားဖို့ ပိုင်ရွိင်က ပြောလိုက်ပြီး ဝန်ကြီးဌာနက MoU စနစ်နဲ့ တရားဝင် ခေါ်ယူပေးမှာဖြစ်လို့ အဲဒီလို ခေါ်ယူအသုံးမပြုဖို့ တောင်းဆိုလိုက်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းကတည်းက အလုပ်သမား ခေါ်ယူရေးဆိုင်ရာ MoU စာချွန်လွှာ လက်မှတ်ရေးထိုးထားတာလို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဆူချာ့ထ် ချွန်ကလင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် လုပ်ငန်းတွေ အတော်များများ ရပ်ဆိုင်းခဲ့ရသလို ရွှေ့ပြောင်းလုပ်သားတွေ အများစုဟာလည်း အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်နိုင်ငံတွေဆီ ပြန်ကုန်ကြတဲ့အတွက် လက်ရှိမှာ နိုင်ငံတွင်း လုပ်သားအင်အား ပြတ်လပ်မှုတွေ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ အာဏာသိမ်းမှုနဲ့အတူ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် MoU စနစ်နဲ့ သွားရောက်နိုင်ခြင်း မရှိသေးသလို နေ့စဉ်လိုလို တရားမဝင် လမ်းကြောင်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေကြပြီး ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up