close

ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၇၀ ကျော် ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံအနောက်ပိုင်း ရာ့ချ်ပူရီခရိုင်နဲ့ ထိုင်းတောင်ပိုင်းမှာ ဧပြီ ၇ ရက်  ဒီကနေ့မနက် နဲ့ မနေ့မနက်  ၁ ရက်တည်းမှာတင် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား  ၇၄ ယောက် ထပ်မံအဖမ်းခံရတယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။

ရာ့ချ်ပူရီခရိုင် ဆွန်ဖိန့်မြို့နယ်ထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်လာဖို့ရှိကြောင်း တာဝန်ရှိသူတွေက ကြိုတင်သတင်းရထားတဲ့အတွက် စောင့်ကြပ်စစ်ဆေးစဉ် ဆွန်ဖိန့်မြို့နယ် ဆွန်ဖိန့်ရပ်ကွက် ရာဒါရီဆော့တ်ဟိုတယ်ရှေ့မှာ ဟိုင်းလပ်ကား ၂ စီးပေါ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် စုစုပေါင်း ၃၄ ယောက်တို့ကို လမ်းပြ ၂ ဦးနဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ သူတို့ဟာ ထားဝယ်ခရိုင်ကဖြစ်ပြီး ဘန်ကောက် ၊ ဘန်ဘွမ် ၊ ချွန်းပူးရီးနဲ့  မဟာချိုင်စတဲ့ဒေသမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၅၀၀၀ ပေးပြီး ဝင်လာတာလို့ ဆိုပါတယ်။ ကားသမားကတော့ သူတို့အနေနဲ့ နယ်စပ်ကနေ ခေါ်တင်လာတာမဟုတ်ဘဲ  ရာ့ချ်ပူရီမြို့နယ်  တကိုလန့်ရွာကနေ တင်လာတာဖြစ်ပြီး ကားခ ၁ ဦးလျှင် ဘတ် ၅၀၀ သာရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူမှာ သူတို့အားလုံးကို အပူချိန်တိုင်းပြီး လ.ဝ.က ဥပဒေနဲ့အရေးယူဖို့ ရဲစခန်းကို ပို့လိုက်ကြောင်း ၊ လူကုန်ကူးမှု ဆက်နွှယ်သူတွေလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ် ။ 

ဒါ့အပြင် ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ထဲမှာလည်း ယမန်နေ့က တရားမဝင် မြန်မာ ၄၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။  သူတို့ဟာ ရခိုင်ပြည်နယ်ကလာပြီး မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် မြန်မာငွေ ကျပ်သိန်း ၃၀ နှုန်းပေးပြီး ဝင်လာကြောင်း ၊ မလေးရှား ဘက်ဆက်ကူးဖို့  ရာဘာတောထဲမှာ ပွဲစားလာအခေါ်ကို စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူတွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားလို့ ပြည်သူတွေ အသက်နဲ့စည်းစိမ်ဥစ္စာ လုံခြုံမှုမရှိ၊ စီးပွားရေးအကျပ်အတည်းတွေ့ပြီး  နိုင်ငံသားတွေဟာ ထိုင်းဘက်ကို အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာရာမှာ နေ့စဉ်လိုလို အဖမ်းခံရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up