close

စစ်ယာဉ်တန်းကို ကျော်တက်သည့် အိမ်စီးကားမိုင်းမိပြီး ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း မင်းကင်းမြိုနယ်၊ မုံရွာ၊ ယာကြီး ၊ ကလေး၀ လမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ PDF က သတိပေးချက် ထုတ်ပြန်ထားပေမယ့် စစ်ယာဉ်တန်းကို ကျော်တက်ပြီး လမ်းအသုံးပြုခဲ့တဲ့ အိမ်စီးကားတစီး ဧပြီ ၅ ရက်နေ့က မိုင်းမိတာကြောင့် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။ 

မုံရွာ၊ ယာကြီး၊ ကလေး၀လမ်းပိုင်း ကလေး၀မြိုနယ် စခန်းကြီးကျေးရွာအနီး ၂ မိုင်လောက်မှာ အိမ်စီးကားမိုင်းနင်မိပြီး ကားပေါ်ပါ ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း စိတ်မကောင်းဖွယ်သိရှိရတယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။ 

Honda Fit အိမ်စီးကားဟာ လမ်းမှာ စစ်ကောင်စီ ယာဉ်တန်းကို ကျော်တက်ပြီး ရှေ့မှသွားခဲ့တာကြောင့် မိုင်းမိခဲ့တာဖြစ်ပြီး တစီးလုံးနီးပါး ပျက်စီးသွားတယ်လို့ဆိုပါတယ်။

မင်းကင်းမြိုနယ်၊ မုံရွာ၊ ယာကြီး ၊ ကလေး၀ လမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့  တောင်တွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ TDPDF နဲ့ ဒေသခံ ပကဖ အဖွဲ့တွေက မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်သတိပေးထားတာပါ။

ဧပြီ ၃ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းရှိ မိုင်တိုင် ၇၀ မှာ စစ်ကား ၄ စီးကို ဒေသခံ ပကဖ အဖွဲ့ တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား မိုင်းဆွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိခဲ့ကြောင်း၊ ဧပြီ ၅ ရက်က လူ ၆ ဦးသေဆုံးခဲ့တဲ့ မိုင်းအား ဘယ်အဖွဲ့က ထောင်ထားတယ်ဆိုတာ မသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်တယ်လို့ မင်းကင်းမြိုနယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့ အခုကာလ စစ်ရေးလှုပ်ရှားမှုများ ရှုပ်ထွေးနေတာကြောင့် မုံရွာ၊ ယာကြီး၊ ကလေး၀ လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ မဖြစ်မနေသွားလာလိုပါက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်အသိပေး မေးမြန်းပြီးမှသာ သွားလာကြဖို့ မင်းကင်းမြိုနယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၂ (MKPDF-2) က သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up