ကမ္ဘာမြေကျန်းမာရေးအတွက် ရုပ်ကြွင်းလောင်စာများ လျှော့သုံးကြရန် WHO တိုက်တွန်း

ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် လူဦးရေ သန်းပေါင်းထောင်နဲ့ချီပြီး ကျန်းမာရေး မထိခိုက်ကြရအောင်၊ အသက်မဆုံးရှုံးရအောင် မြေကမ္ဘာကြီးရဲ့ကျန်းမာရေးကို ဝိုင်းဝန်းစောင့်ရှောက်ကြဖို့၊ ရုပ်ကြွင်းလောင်စာတွေ လျှော့သုံးကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အားလုံးကို တိုက်တွန်းလိုက်ပါတယ်။
ဧပြီ ၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့အတွက် ဆောင်ပုဒ်ကို Our Planet Our Health လို့ သတ်မှတ်ထားတာပါ။
WHO က ထုတ်ပြန်တဲ့ ဗွီဒီယိုမှာ “တို့တွေအားလုံးမှာ တခုတည်းသော ဂြိုဟ်ကမ္ဘာရှိပြီး တို့အားလုံးရဲ့ ကျန်းမာရေးဟာ မြေကမ္ဘာကြီးအပေါ်မှာ တည်မီနေသလို မြေကမ္ဘာရဲ့ ကျန်းမာရေးဟာလည်း တို့တွေအားလုံးမှာ မူတည်နေပါတယ်” လို့ ပြောထားပါတယ်။
ရာသီဥတုပြောင်းလဲမှုကတဆင့် ဖြစ်ပေါ်လာတဲ့ အပူချိန်မြင့်တက်မှုနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် လူဦးရေ သန်းပေါင်း ၂,၀၀၀ လောက်ဟာ တုပ်ကွေးရောဂါ ခံစားရမယ့် အလားအလာ ရှိနေပါတယ်။
ဒါ့အပြင် ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် လူဦးရေ ၁၃ သန်းလောက် နှစ်စဉ် အသက်ဆုံးရှုံးနေကြရပြီး လူဦးရေ သန်းပေါင်း ၂,၀၀၀ လောက်ဟာ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိနိုင်ကြသလို လူပေါင်း ၈ သိန်းကျော်ဟာလည်း ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် နှစ်စဉ် အသက်ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။
လေထုညစ်ညမ်းတဲ့ ပြဿနာကြောင့် အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါတွေဖြစ်ပြီး ၁ မိနစ်တိုင်းမှာ လူ ၁၃ ယောက် သေဆုံးနေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မြေအောက်ရုပ်ကြွင်းလောင်စာတွေကို မြေအောက်မှာပဲ ထားလိုက်ကြရအောင်၊ တို့အားလုံးရဲ့ ကျန်းမာရေး လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးအကြောင်း စိတ်ကူးသစ်တွေ တွေးကြည့်ကြရအောင်၊ ကမ္ဘာကြီးအတွက် စိတ်ကူးသစ်တွေ တွေးကြည့်ကြရအောင်လား”လို့ WHO က လူသားအားလုံးကို တိုက်တွန်းထားပါတယ်။