စစ်ကောင်စီ၏သင်္ကြန်မဏ္ဍပ်၌ ရေမကစားကြရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု သတိပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်ကစားတာနဲ့ ဖျော်ဖြေတာတွေ မပြုလုပ်ကြဖို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ဧပြီ ၈ ရက်မှာ ဒေသခံပြည်သူတွေကို သတိပေးထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့ ကြိုးပမ်းအားထုတ်နေသလို သင်္ကြန်ပွဲတော်မှာ ပြည်သူတွေ ပါဝင်လာဖို့ နည်းမျိုးစုံသုံးပြီး စီစဉ်တာဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲတာတွေ မလုပ်ဖို့နဲ့ စစ်ကောင်စီမဏ္ဍပ်မှာ ရေကစားရင် ထိခိုက်မှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တာဝန်ယူမှာ မဟုတ်ဘူးလို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က သတိပေးထုတ်ပြန်ထားပါတယ်။
သင်္ကြန်ပွဲတော်မှာ ပြည်သူတွေ ပျော်ချင်တာ သိပေမဲ့ တချို့ Missionတွေမှာ ပြည်သူတွေ ရှိနေတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရလို့ အခု ထုတ်ပြန်ချက်ကို မဖြစ်မနေ လိုက်နာပေးဖို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုတာဝန်ရှိသူ တစ်ဦးက တိုက်တွန်းတာပါ။
ဒါ့အပြင် ကျိုက်ထိုတော်လှန်ရေး အင်အားစုအနေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမယ့် ဖောက်ခွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကို ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မွန်ပြည်နယ် စစ်ကောင်စီကတော့ အခုနှစ်မှာ ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော် စည်းကားဖို့အတွက် မြို့နယ်အလိုက် မဏ္ဍပ်တွေ တည်ဆောက်နေသလို ပြည်သူတွေအနေနဲ့ သင်္ကြန်ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်နိုင်တယ်လို့ ကြေညာထားပါတယ်။