စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီမဏ္ဍပ်များအနီး မသွားကြရန် PDFသတိပေး

စစ်ကိုင်းတိုင်းအတွင်းက မြို့တွေမှာ စစ်ကောင်စီက သင်္ကြန်ပွဲတွေကျင်းပနိုင်ဖို့ ကြိုးစားနေပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီဆောက်ထားတဲ့ မဏ္ဍပ်တွေအနားမှာ မနေတာ အကောင်းဆုံးဖြစ်မယ်လို့ ဒေသတွင်း PDF တွေက သတိပေးထားပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ထဲက မြို့ပေါ်အရပ်တွေမှာ မဏ္ဍပ်တွေထိုးပြီး သင်္ကြန်ပွဲကျင်းပဖို့ ကြိုးစားနေတာပါ။
စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲမှာ ရွာစဉ်လှည့်ပြီး အကြမ်းဖက်နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် လူမြင်ကွင်း မြို့ပေါ်တွေမှာ တည်ငြိမ်အေးချမ်းကြောင်း နိုင်ငံတကာကို ပြသချင်တဲ့အတွက် ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပဖို့ကြိုးစားနေတာလို့ ဒေသတွင်း နိုင်ငံရေးလှုပ်ရှားသူတွေက သုံးသပ်ပါတယ်။
သင်္ကြန်ကာလမှာလည်း ဖောက်ခွဲမှုတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် စစ်ကောင်စီဆောက်ထားတဲ့ မဏ္ဍပ်တွေနားကို ပြည်သူတွေမသွားတာ အကောင်းဆုံးဖြစ်တယ်လို့ မင်းကင်း PDF တာဝန်ရှိသူက ပြောပါတယ်။
မင်းကင်းမြို့နယ်ထဲမှာ စစ်ကောင်စီက အကြမ်းဖက်တာကြောင့် စစ်ဘေးရှောင်နေရတဲ့ရွာ ၁၅ ရွာအထိရှိနေပြီး ဒေသခံ ၄ ထောင်ကျော်ဟာ စားဝတ်နေရေးခက်ခဲနေပါတယ်။ ဒီလူတွေကို ထောက်ထားတဲ့အနေနဲ့ သင်္ကြန်ကာလမှာ အပျော်အပါးမမက်ဘဲ သတိနဲ့နေထိုင်ကြဖို့ မင်းကင်း PDF က တိုက်တွန်းပါတယ်။
မင်းကင်း PDF အဖွဲ့မှ ကိုမင်းခေါင်က “မင်းကင်းမှာ ရွာစဉ်လှည့်ပြီး နယ်မြေရှင်းလင်းရေးပုံစံ သူတို့လုပ်နေတယ်။ ပတ်ပတ်လည်ရွာတွေကတော့ အကုန်ရှောင်နေရတယ်။ ခန့်မှန်းခြေ ၁၅ ရွာ၊ လူဦးရေ ၄ ထောင်ကျော်လောက်ရှိမယ်။ စစ်ဘေးရှောင်တွေအနေအထားကတော့ အစောပိုင်းက အမျိုးသမီးတွေ ရွာတွေထဲဝင်ပြီး တိရစ္ဆာန်တွေကို အစာကျွေးတာမျိုးလုပ်နေရတယ်။ စစ်ဘေးရှောင်စခန်းတွေကိုပါ တောနင်းရှာပြီး မီးရှို့တာမျိုးတွေရှိတယ်။ PDF စခန်းတွေထင်ပြီး ရှို့တာပေါ့။ အဓိကလိုအပ်တာက ဆေးဝါးနဲ့အစားအသောက်ပဲ။ မင်းကင်း ပျူရွာတွေကို ရှောင်နေရတာလည်းရှိတယ်။ စစ်ကောင်စီအားကိုးနဲ့ ပျူစောထီးတွေရဲ့ ရမ်းကားမှုကြောင့် ပုလဲအနောက်ရွာဆိုရင် ရွာလုံးကျွတ် မီးရှို့ခံရတယ်။ ရွာလုံးကျွတ် ရှောင်ခဲ့ရတယ်။ ရှောင်လာတာတောင် စစ်ဘေးရှောင်တွေကို တင်ကျွေးထားတဲ့ရွာတွေကို ပြဿနာရှာသေးတယ်။ အင်တာနက်မရတော့ အဆက်အသွယ်တွေကလည်း ပြတ်နေတယ်။ လက်ရှိအနေအထားက စစ်ဘေးရှောင်တွေကို ကျနော်တို့လည်း မကူညီနိုင်တဲ့အနေအထားဖြစ်နေတယ်။ သင်္ကြန်ကာလမှာ သူတို့ဆောက်တဲ့ မဏ္ဍပ်တွေအနားမှာ မနေတာတော့ အကောင်းဆုံးပဲ။"
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာ အင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်တာ၊ ရိက္ခာလမ်းကြောင်းတွေ ကန့်သတ်ဖြတ်တောက်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ ရွာစဉ်လှည့်ပြီး ပစ်ခတ်ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
တဖက်မှာလည်း လောင်းကစားဝိုင်းတွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးပြီး ပြည်သူတွေကို တော်လှန်ရေးဘက်ကနေ အာရုံပြောင်းဖို့ စစ်ကောင်စီက ကြိုးစားနေတယ်လို့ ထီးချိုင့်ဒေခံတစ်ယောက်က ပြောပါတယ်။ သင်္ကြန်ပွဲတော်ရက်တွေမှာလည်း ပြည်သူတွေ တော်လှန်ရေးဘက်ကနေ အာရုံပြောင်းပြီး အပျော်အပါးဘက်ပါလာဖို့ စစ်ကောင်စီက ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ထီးချိုင့်ဒေသခံတဦးက “နိုင်ငံအခြေအနေပျက်သွားတော့ သူတို့က လောင်းကစားလုပ်မလား၊ ကြက်ဝိုင်းလုပ်မလား၊ ဂျင်ဝိုင်းထောင်မလား အကုန်လုပ်ပေးတယ်။ တော်လှန်ရေးပျက်စေမယ့် အရာမှန်သမျှသူတို့က အကုန်လုပ်ပေးတယ်။ သင်္ကြန်ဆိုတာကလည်း နိုင်ငံတကာကို လိမ်ဖို့လုပ်ပြတာပဲ။ နိုင်ငံအေးချမ်းပါတယ်၊ ရိုးရာအတိုင်း ပုံမှန်လေးရှိနေပါတယ်ဆိုတာလေးကိုပဲ လုပ်တာပဲ။ အဲဒီကြားထဲ နားမလည်ဘဲ သွားတာလာတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ကျနော်တို့က ပြည်သူတွေတော်လှန်ရေးအပေါ် အယုံအကြည်မဲ့မသွားအောင် ထိန်းရမှာပဲရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့ကို နယ်မြေထိန်းချုပ်ဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ပေမယ့် အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ သူတို့မျှော်မှန်းသလို ဖြစ်မလာခဲ့ပါဘူး။
ဒေသခံပြည်သူတွေဟာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ မိသားစုဝင်တွေ အကြမ်းဖက် သတ်ဖြတ်ခံရတာတွေကြောင့် တုံ့ပြန်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ အမျိုးသမီးငယ်တွေ အဓမ္မပြုကျင့်ခံရတာ၊ လေကြောင်းကနေ တဖက်သတ်ပစ်ခတ်ခံရတာတွေဟာ ကြောက်ရွံ့စိတ်ကို ဖြစ်စေတာထက် စစ်တပ်အပေါ်ပိုပြီး မုန်းတီးစိတ်ဖြစ်စေတယ်လို့ ဒေသခံအမျိုးသမီးစစ်သည်တော်တွေက ပြောဆိုထားပါတယ်။