close

ရန်ကုန်သင်္ကြန်စည်ကားရေး စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်နေ

အခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော် စည်ကားစေရေးအတွက် စစ်ကောင်စီက ဖိအားပေးတာ၊ ငွေကြေးကောက်ခံတာတွေအပါအဝင် ရေကစားမဏ္ဏပ်တွေကို  ပြည်သူတွေနဲ့ ဝန်ထမ်းတွေ မဖြစ်မနေလာရောက်ရေကစားကြဖို့ မြို့နယ်အသီးသီးမှာ  နည်းလမ်းပေါင်းစုံသုံးပြီး  စည်းရုံး လုပ်ဆောင်နေပါတယ်။    

သာကေတမြို့နယ်မှာ စည်ပင်ဌာနက  အောက်ခြေဝန်ထမ်းတွေကို လူအလှည့်ကျနဲ့ မဖြစ်မနေ ရေကစားမဏ္ဏပ်မှာ လာရောက်ဖို့ ပြောနေတယ်လို့  စည်ပင်နဲ့ နီးစပ်တဲ့  အမျိုးသမီးတစ်ဦးက ​ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာတော့ သင်္ကြန်ကြေးဆိုပြီး ငွေကြေး အတင်းကောက်ခံနေပြီး ရပ်ကွက်အလိုက် နေအိမ်အခြေအနေပေါ်မူတည်ကာ တစ်အိမ်ထောင်လျှင် ကျပ်ငွေ ၁၀၀၀ မှ  ၃၀၀၀ နှုန်း တောင်းခံနေသလို ကျပ်ငွေ  ၁၀၀၀၀ လောက်အထိ သင်္ကြန်ကြေးထည့်ရတဲ့ အိမ်တွေရှိနေပါတယ်။ ဒါ့အပြင် လှိုင်သာယာမှာဖွင့်လှစ်ထားတဲ့ အဆောင်ပိုင်ရှင်တွေထံက လည်း သင်္ကြန်ကြေးကောက်ခံနေတယ်လို့ လှိုင်သာယာမြို့နေသူတစ်ဦးက  ပြောပါတယ်။

စစ်ကောင်စီက ၂၀၂၁ သင်္ကြန်တုန်းကထက် အခု ၂၀၂၂ သင်္ကြန်မှာ ပိုမိုစည်ကားရေး အားစိုက်ကြံစည် နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေတာဖြစ်ပြီး  ရေကစားမဏ္ဏပ်တွေ ၊ဖျော်ဖြေရေးမဏ္ဏပ်တွေလည်း ဆောက်လုပ်နေပါတယ်။

ကျောက်တံတားဒေသခံ တစ်ဦးက “ခုဆို ရွှေတိဂုံဘုရားရှေ့ ပြည်သူ့ရင်ပြင်မှာ ရေကစားမဏ္ဏပ်တွေဆောက်နေတာ မဏ္ဏပ် ၄ ခုလောက်ရှိနေပြီ၊ သင်္ကြန်အမီ အရေအတွက် များလာဖို့ပဲရှိတယ်။ ၈ ရက်နေ့က မြို့တော်ခန်းမရှေ့က မဏ္ဏပ်မှာ ဗုံးကွဲကတည်းက သင်္ကြန်လည်ဖို့ စိတ်ကူးမရှိတော့ဘူး” လို့ ပြောပါတယ်။

သင်္ကြန်လူစည်ကားရေး ရန်ကုန်တိုင်းတွင်းက မြို့နယ်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံစည်းရုံး လုပ်ဆောင်နေကြပါတယ်။

မြေအောက်တော်လှန်ရေးအဖွဲ့တွေကတော့  သင်္ကြန်မှာ မဏ္ဏပ်တွေဆီ မသွားကြဖို့ စစ်ကောင်စီတပ်တွေအနား မသွားရောက်ကြဖို့၊  အရက်သေစာ သောက်စားမူးယစ် အော်ဟစ် ကခုန်တာမပြုလုပ်ဖို့၊ တေးသီချင်းတွေ အသံကျယ်လောင်စွာမဖွင့်ကြဖို့နဲ့ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့ လူထုကို သတိပေး ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up