close

ကော့ကရိတ်-မြဝတီ အာရှလမ်း ယာယီပိတ်ထားသော်လည်း ကုန်တင်နှင့် ခရီးသည်တင်ယာဥ်အချို့ အရဲစွန့်သွားလာနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး ကေအန်ယူတပ်တပ်မဟာ ၆ က ယာဥ်သွားလာခွင့် ယာယီပိတ်ထားပေမဲ့ ကုန်တင်နဲ့ ခရီးသည်ယာဥ်မောင်းတချို့ကတော့ မိသားစု စားဝတ်နေရေးကြောင့် အရဲစွန့်သွားလာနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဒုတိယအပတ်ကစတင်ကာ ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းအဖွဲ့ကြား မကြာခဏ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းချီလာနေတဲ့အတွက် ကေအန်ယူတပ်မဟာ ၆ က ကော့ကရိတ်-မြဝတီအာရှလမ်းမ၊ မြဝတီ-ဝေါလေလမ်းမနဲ့ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ကားလမ်းမတို့ကို ယာဥ်သွားလာခွင့် ယာယီပိတ်လိုက်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာ အသိပေးကြေညာထားပါတယ်။

ယာယီလမ်းပိတ်ထားပေမဲ့ ကုန်တင်ယာဉ်မောင်းတွေကတော့ မိသားစုစားဝတ်နေရေးအရ အရဲစွန့်ကာ မြဝတီကနေ မော်လမြိုင်နဲ့ ဘားအံကို ကုန်စည်တွေ ပို့ဆောင်ပေးနေရပြီးသွားလာရာမှာ စိုးရိမ်ပူပန်နေရတယ်လို့ ကုန်တင်ယာဥ်မောင်းတယောက်က  ပြောပါတယ်။

"ယာဥ်အသွားအလာတွေ ပိတ်ဆို့ထားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မိသားစုအများကြီး ဖြစ်နေတဲ့အတွက် ယာဥ်မမောင်းဘူးဆိုရင် အဆင်မပြေဘူး။ အဲဒီအတွက်လည်း အရဲစွန့်ပြီးမောင်းနေရတာပါပဲ။ ကုန်တွေရရင်ပို့ပေးရတယ်။ တိုက်ပွဲက ဘယ်တော့ပြန်ဖြစ်မလဲ မသိတဲ့အတွက် သတိထားပြီးသွားနေရတယ်။"

ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာနှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့လို့ ခရီးသည်မှန်လုံယာဥ်နှစ်စီး၊ အိမ်စီးမော်တော်ယာဥ် သုံးစီးနဲ့ ကုန်တင်ယာဥ် ၁၀ စီးကျော် မီးလောင်ပျက်စီးခဲ့ကာ လူ ၄ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်-မြဝတီ​ ပြေးဆွဲနေတဲ့ယာဥ်မောင်းတစ်ဦးက "အရင်တိုက်ပွဲနဲ့လမ်းမပိတ်ခင်က မော်လမြိုင်ကနေမြဝတီကို တနေ့အသွားအပြန် နှစ်ခေါက်ပုံမှန်ရှိတယ်။ တလောက မော်လမြိုင်ခရီးသည်တစ်​ယောက်သေနတ်နဲ့ အပစ်ခံရပြီး ဆုံးတယ်ဆိုကော ကားတွေသွားတာ လျှော့လိုက်ရတယ်။ တကယ်အရေးကြီးမှပဲ သွားတော့တယ်။ အခက်အခဲကတော့ ဖြစ်သွားတာပေါ့နော်။ အခုကတော့သွားဖို့ကို စဥ်းစားနေရတယ်။"

ကေအန်ယူတပ်မဟာ ၆ နယ်မြေတွေဖြစ်တဲ့ ကော့ကရိတ် ၊ မြဝတီ၊ ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်အနီးက​ကျေးရွာတွေမှာ စစ်ကောင်စီတပ်၊နယ်ခြားစောင့်တပ်(BGF)နဲ့ KNLA ၊ PDFအဖွဲ့တွေအကြားလက်ရှိအချိန်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကာ ဒေသခံ တစ်သိန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကရင်စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up