ယင်းမာပင်မြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး အိမ်ခြေ ၃၀၀ ကျော်ပြိုကျပျက်စီး






စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ဧပြီ ၁၁ ရက် ည ၆ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀ ကျော် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“နာရီဝက်ဝန်းကျင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်လာတာကြောင့် ဘုရားထီးတော်တွေလည်း ကျိုးကျကုန်တယ်။ နှစ်ရှည်သစ်ပင်ကြီးတွေတောင် ကျိုးကျသွားပြီး တချို့အိမ်တွေဆို အုတ်ဖိနပ်ပဲ ကျန်တယ်” လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအများစုဟာ လေပြင်းဒဏ်ခံလိုက်ရပြီး အိမ်ခြေ ၁၃၀ ရှိတဲ့ ကျေးရွာဆိုရင် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးကာ လူဦးရေ ၁၀၀၀ ဝန်းကျင် နေစရာ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
မင်းဆိုးမင်းညစ်ရဲ့အောက်မှာနေရတဲ့ ပြည်သူတွေအနေနဲ့ ဒီလိုသဘာဝဘေးအန္တရာယ်ကပါ ထိခိုက်နှိပ်စက်နေတာကြောင့် ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီအာဏာရှင်မင်းဆိုးမင်းညစ်ကို အမြန်ဆုံးတိုက်ထုတ်ကြဖို့ PDF ခေါင်းဆောင် ဆရာစံက တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၁၁ ရက်နေ့က မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းပြီ လေပြင်းတိုက်ခတ်ခဲ့တာကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ သရက်ခြံ ပိုင်ရှင်တချို့ သရက်သီးတွေကြွေကျ ပျက်စီးကုန်တာကြောင့် အခက်ကြုံနေကြပါတယ်။