ပေါက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ ၈ ဦး သေဆုံး

မကွေးတိုင်း ပေါက်မြို့နယ်မှာ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၈ ယောက်သေဆုံး၊ ၄ ယောက် ဒဏ်ရာရကာ ကျေးရွာနေအိမ်တွေလည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် တောင်ဘက်ခြမ်း လက်ပံလှရွာမှာ ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၇ နာရီခွဲလောက်မှာ ကျေးရွာထဲ စစ်တပ်ဝင်လာပြီး မီးရှို့တာပဲ။ စစ်တပ်ဝင်လာကတည်းက ကျနော်တို့လည်း ပြေးရတာပဲ။ ပေါက်မြို့နယ်တောင်ပိုင်းက ရွာတွေကို ဒီရက်ပိုင်း မီးရှို့နေလို့ ရွာသားတွေလည်း ပြေးနေရတာပဲ။ ပြေးနေရတာနဲ့ အိမ်ခြေဘယ်လောက် မီးထဲပါသွားလဲ ဆိုတာတောင် မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါက်မြို့နယ် တံစူးရွာဘက်က တဲတိုက်တွေကို မီးရှို့ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၂ ရက် ညနေ ၄ နာရီခွဲလောက်မှာ SPGF နဲ့ YDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကာ ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိဘဲ ဆုတ်ခွါနိုင်ခဲ့တယ်လို့ SPGF ရဲ့ ခေါင်းဆောင် ဗိုလ်စွန်ရဲက ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ရွာသားတွေရှိရာ နေရာကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၈ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တံစူးရွာသားတဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေဟာ တံစူးရွာနားက တဲတွေကို မီးရှို့ဖျက်ဆီးကြတာဗျ။ ကျနော်တို့ ရွာကို ဝင်မယ်အထင်နဲ့ ထွက်ပြေးတိမ်းရှောင်နေကြတာ။ ထွက်ပြေးပြီး ပုန်းအောင်နေတဲ့ နေရာကို ပြည်သူတွေမှန်း သိသိနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး ၈ ယောက် သေဆုံးကာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်။ စစ်ကောင်စီတပ်တွေဟာ ကျနော်တို့ရွာက ပြည်သူတွေကို ပစ်ခတ်ပြီး ကိုင်းဘက်ကို တက်သွားကာ အပြန်အလှန် တိုက်ပွဲဖြစ်သံ ကြားရတယ်ဗျ။”
စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့သတင်း ကြားတာကြောင့် အိမ်ခြေ ၂၇၀ လောက်ရှိတဲ့ တံစူးရွာက ဒေသခံပြည်သူတွေ အားလုံး ဘေးလွတ်ရာ နေရာတွေမှာ ပုန်းခိုနေကြရပါတယ်။
ဧပြီ ၁၁ ရက်ကလည်း ကျောက်အိုးကုန်းရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၁၁ ရက်နေ့က ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၅ ရွာနဲ့ ဆိပ်ဖြူမြို့နယ်က ကျေးရွာ ၁ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့ရပြီး ဒေသခံ ၁၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။