ယူကရိန်းအပေါ် စစ်ဆင်ရေး ဧကန်မလွဲ အောင်မြင်မည်ဟု ရုရှားသမ္မတပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုရဲ့ မြင့်မြတ်တဲ့ ရည်မှန်းချက်တွေနဲ့ ပစ်မှတ်ထားတဲ့ ယူကရိန်းအပေါ် စစ်ဆင်ရေးဟာ ဧကန်မလွဲ အောင်မြင်မှုရရှိမယ်လို့ ပြောလိုက်ပါတယ်။
ယူကရိန်းအပေါ် စစ်ဆင်ရေး စနစ်တကျလုပ်ဖို့အတွက် ဘီလာရုဇ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ တိုင်ပင်ဆွေးနွေးဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားအရှေ့ဘက်စွန်း အာမိုးဒေသကို ဧပြီ ၁၂ ရက်က ရောက်ရှိစဉ် အဲဒီလို ပြောဆိုလိုက်တာပါ။
ကျူးကျော်စစ်လိုလားသူ ခေါင်းဆောင်နှစ်ဦးက နှစ်စဉ် ရုရှားအာကာသလွှတ်တင်နေ့ ကျင်းပတဲ့ ဗိုစတိုချာနီ အာကာသလွှတ်တင်စခန်းကို သွားရောက်ခဲ့ပါတယ်။
ရုရှား အာကာသလွှတ်တင်နေ့ဟာ ၁၉၆၁ ခုနှစ်က ဆိုဗီယက်အာကာသယာဉ်မှူး ယူရီဂါဂါရင် အာကာသကို ပထမဆုံး လိုက်ပါပျံသန်းခဲ့တဲ့နေ့ကို အထိမ်းအမှတ် ပြုထားတာပါ။
သမ္မတ ပူတင်က "ရုရှားမြေကို ကာကွယ်ဖို့ ယူကရိန်းကို စစ်ဆင်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး၊ အနောက်အုပ်စုရဲ့ မော်စကိုကို အထီးကျန်အောင် လုပ်ဆောင်မှုက အချည်းနှီးဖြစ်ကြောင်း ရုရှားရဲ့ အာကာသ အောင်မြင်မှုတွေက သက်သေခံနေတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် သူက ယူကရိန်း ဘူချာမြို့မှာ ရုရှားတပ်တွေ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေဟာ အနောက်က ဝါဒဖြန့်တာတွေလို့ ပြောပါတယ်။