မီချီဂန်တွင် ပစ်သတ်ခံရသည့် လူမည်းအမျိုးသားနှင့် ရဲအရာရှိ ရုန်းရင်းဆန်ခတ်ဖြစ်သည့် ရုပ်သံ ထွက်ပေါ်

အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်၊ ဂရန်းရာပစ်ဒ်စ်မြို့မှာ ရဲအရာရှိတယောက်က လူမည်းတယောက်ကို သေနတ်နဲ့ပစ်မသတ်ခင် ရုန်းရင်းဆန်ခတ် ဖြစ်နေပုံကိုရိုက်ကူးထားတဲ့ ရုပ်သံ ၃ ခုကို ရဲတွေက ဖြန့်ချိလိုက်ပါတယ်။
ရဲကားယာဉ်မောင်းရှေ့က ဒိုင်ခွက်ဘောင်ပေါ်မှာ တပ်ဆင်ထားတဲ့ ကင်မရာနဲ့ ရဲတွေရဲ့ ကိုယ်မှာ ဝတ်ထားတဲ့ ကင်မရာတွေကနေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ရဲက ယာဉ်မောင်းလိုင်စင် တောင်းနေချိန်မှာ စိတ်ရှုပ်နေပုံရတဲ့ လျိုယာကို ကားဘေးမှာ ရပ်နေတာ တွေ့ရပါတယ်။
ရဲအရာရှိက လက်ထိပ်ခတ်ဖို့ ကြိုးစားချိန်မှာ သူက ခုခံခဲ့တာပါ။ အဲဒီနောက် သေနတ်လုရင်း ရန်ဖြစ်ချိန်မှာ လျိုယာဟာ သေနတ်နဲ့ပစ်တာ ခံခဲ့ရပါတယ်။
ရဲအရာရှိက လူမည်းအမျိုးသားရဲ့ ကားလိုင်စင်ပြားနဲ့ ပတ်သက်ပြီး သံသယတွေရှိလို့ ကားကို ရပ်ခိုင်းရာက စခဲ့တာလို့ ဆိုပါတယ်။
ဧပြီ ၄ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် အသက် ၂၆ နှစ်အရွယ် ပက်ထရစ်လျိုယာရဲ့ မိသားစုဝင်တွေက ဒေါသထွက် နာကြည်းခဲ့ကြတာပါ။ အခုလို လူငယ် လူမည်းအမျိုးသားတွေအပေါ် ရဲတွေရဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေက မြို့ထဲမှာ ဆန္ဒပြခဲ့ကြပါတယ်။