ကိုယ်ပိုင်လက်နက်များ ထုတ်လုပ်နိုင်ပြီဟု ဂန့်ဂေါ PDF အသိပေး

မကွေးတိုင်း ဂန့်ဂေါအခြေစိုက် ယောပြည်သူ့ကာကွယ်ရေး PDF ဂန့်ဂေါတပ်ဖွဲ့က ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ လက်နက်တွေ ထုတ်လုပ်နိုင်ခဲ့ပြီလို့ ဧပြီ ၁၃ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။
လက်နက်ဝယ်ယူရတာ ခက်ခဲပြီး သယ်ယူရာမှာလည်း လမ်းကြောင်း အခက်အခဲတွေကြောင့် ကိုယ်တိုင်ထုတ်လုပ် တတ်ဆင်နိုင်အောင် ကြိုးစားလုပ်ဆောင်နေကြတယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
သေနတ်တွေကတော့ ရှော့ဂမ်း၊ ကျည်တချက်ထိုးသေနတ်၊ လက်နက်ကြီး ၄၀ မမနဲ့ ၈၀ မမတို့ကို ထုတ်လုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီထက်ပိုပြည့်စုံတဲ့ လက်နက်တွေ ထုတ်လုပ်တပ်ဆင်နိုင်ဖို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းပေးကြဖို့နဲ့ မိမိတို့ တပ်ဖွဲ့ဘက်မှလည်း စစ်အာဏာရှင် ကျဆုံးသည်အထိ အစွမ်းကုန် ခုခံတော်လှန်သွားမယ်လို့ ဂန့်ဂေါ PDF က ဆိုပါတယ်။
လက်ရှိမှာတော့ ဂန့်ဂေါနယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။
ဂန့်ဂေါနယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဂန့်ဂေါ PDF တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းကို အသုံးမပြုကြဖို့ကိုလည်း ဂန့်ဂေါ PDF က မေတ္တာရပ်ခံထားပါတယ်။