ထိုင်ဝမ်ကို စွန့်လွှတ်ခြင်းသည် ဒီမိုကရေစီကိုစွန့်လွှတ်ခြင်းဖြစ်ဟု အမေရိကန်လွှတ်တော်အမတ် ပြော

ထိုင်ဝမ်ကို စွန့်လွှတ်တာဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို စွန့်လွှတ်တာဖြစ်တယ်လို့ ထိုင်ဝမ်မှာ ရောက်ရှိနေတဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ ရီပတ်ဘလစ်ကန်အမတ် လင်းဆေးဂရေဟမ်က ပြောလိုက်ပါတယ်။
အမေရိကန်လွှတ်တော်ကိုယ်စားလှယ် ၆ ဦးအဖွဲ့ဟာ ဧပြီ ၁၄ ရက်က ထိုင်ဝမ်ကို မကြေညာပဲ ရောက်ရှိလာခဲ့ပြီး ထိုင်ဝမ်သမ္မတ မစ္စဆိုင်အင်းဝမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ထိုင်ဝမ်ကို သမ္မတဂျိုးဘိုင်ဒင်အစိုးရက လက်နက်အကူအညီတွေ ဆက်ပေးထားပြီး၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံကို “ကြံ့ခိုင်သောကျောက်တုံးကြီး” လို့ မကြာခဏ ခေါ်ဝေါ်တာပါ။
သမ္မတဆိုင်အင်းဝမ်က ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုက ဒီမိုကရေစီနိုင်ငံတွေ ပိုမို စုစည်းမိစေပြီး အာဏာရှင်နိုင်ငံတွေရဲ့ ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ပိုမိုကာကွယ်ကြရမယ်လို့ ပြောပါတယ်။
အဆိုပါ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ထိုင်ဝမ်ခရီးစဉ်က တရုတ်အစိုးရကို အလွန်ဒေါသ ထွက်စေပါတယ်။ တရုတ်က ထိုင်ဝမ်ကျွန်းကို သူ့နိုင်ငံရဲ့ ပြည်နယ်တခုလို့ သတ်မှတ်ထားတာပါ။