အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်သွားပါက ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု တရုတ်သတိပေး

အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ တရုတ်အစိုးရက ဧပြီ ၇ ရက်မှာ သတိပေးလိုက်ပါတယ်။
နန်စီပေလိုစီဟာ လာမယ့်အပတ်မှာ ထိုင်ဝမ်ကိုသွားမယ်လို့ မီဒီယာတွေက ဖော်ပြအပြီး ခုလို ပြောလိုက်တာဖြစ်ပြီး ဒါဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးဆိုးရွားရွား သက်ရောက်စေလိမ့်မယ်လို့လည်း ပြောပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်အကြား တရားဝင်ထိတွေ့မှု ပုံစံအားလုံးကို တရုတ်အစိုးရက ခိုင်ခိုင်မြဲမြဲ ဆန့်ကျင်ခဲ့တယ်၊ အမေရိကန်ဟာ ခရီးစဉ်ကို ဖျက်သိမ်းသင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက သတင်းထောက်တွေကို ပြောပါတယ်။
တကယ်လို့ အမေရိကန်က ဒီလမ်းကြောင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တောင်းဆိုရင် တရုတ်ဟာလည်း တိုင်းပြည်အချုပ်အခြာနဲ့ ပိုင်နက်ဂုဏ်သိက္ခာကို ကာကွယ်ရေး တုံ့ပြန်ရာမှာ ခိုင်ခိုင်မာမာ ဆောင်ရွက်ရလိမ့်မယ်၊ ဒီကိစ္စကြောင့် ဖြစ်နိုင်သမျှ အကျိုးဆက် အားလုံးဟာ အမေရိကန်ရဲ့ တာဝန်သက်သက် ဖြစ်လိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို တရုတ်က သူ့ပိုင်နက်အဖြစ် သဘောထားပြီး အမေရိကန်က ထိုင်ဝမ်ကို စစ်ရေး၊ နိုင်ငံရေးအရ ထောက်ပံ့တာ အပါအဝင် ပတ်သက်မှုဟာ တရုတ်နဲ့ အမေရိကန် အစိုးရတို့ကြား ဆက်ဆံရေး မချောမွေ့တဲ့ အရင်းအမြစ် ဖြစ်နေတာပါ။
ခရီးစဉ်ကို ပေလိုစီရဲ့ ရုံးကရော ထိုင်ဝမ် အစိုးရကပါ အတည်မပြုရသေးပေမဲ့ ဒီသီတင်းပတ်ကုန်ရက်မှာ ပေလိုစီဟာ ဂျပန်ခရီးစဉ်ပြီးရင် ထိုင်ဝမ်ကို ဆက်သွားမယ်လို့ ဂျပန်နဲ့ ထိုင်ဝမ်မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။