ရွာငံမြို့နယ်၌ စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ပြီး ကျွဲ၊နွား တိရစ္ဆာန်များ သတ်ဖြတ်စား

ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ်၊ ပဲယင်းတောင်ကျေးရွာက ဦးဌေးအောင်ရဲ့ နေအိမ်ကို ဧပြီ ၁၆ ရက် မနက် ၂ နာရီခွဲလောက်မှာ ပဲယင်းတောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက "မီးမရှို့ခင် သေနတ်နဲ့ အချက် ၃၀ကျော် ပစ်ဖောက်ခြိမ်းခြောက်တယ်။ ရွာထဲက ကားတာယာ စက်တာယာ အဟောင်းတွေကိုလိုက်လံရှာဖွေပြီးတော့ မီးရှို့တာ။ ရွာထဲကိုမွှေတဲ့အပြင် ရွာက ကျွဲ၊နွား၊ဝက် တိရစ္ဆာန်တွေကိုလည်း သူတို့စိတ်တိုင်းကျ ဝင်ရောက်ဖမ်းဆီး သတ်ဖြတ်စားသောက်နေကြတယ်" လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာငံမြို့နယ် ပဲရင်းတောင်ရွာဘုန်ကြီးကျောင်းမှာ တပ်စွဲထားတာ တာကြောင့် ရွာသူ၊ ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ၁လ ပြည့်ပြီဖြစ်ပါတယ်။
ကျေးရွာအတွင်းမှာ လူမရှိတဲ့အတွက် စစ်ကောင်စီတပ်သားတွေက ထင်ရာစိုင်းလုပ်နေမှုကြတာလို့လည်း ဒေသခံတယောက်က ပြောပါတယ်။
"ဒီကောင်တွေသက်သက်လာပြီး အကြမ်းဖက်အနိုင်ကျင့်နေတာဗျာ။ ဒါပေမဲ့ နယ်ခံလုပ်ပြီး သူတို့နဲ့ပေါင်း ခေါင်းဆောင်လမ်းပြလုပ်နေတဲ့ကောင်တွေကို ပိုရွံ့တယ်ဗျာ။ ကိုယ့်ဒေသကို မီးရှို့နေတာကို ဘယ်လိုစိတ်မျိုးနဲ့ ဦးဆောင်လမ်းပြလုပ်နေလဲမသိဘူး။ တကယ့်လူစိတ်မရှိတဲ့ ကောင်တွေ" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရွာငံမြို့နယ် လွှစင်ကျေးရွာအတွင်းမှာ ရှိတဲ့ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခံထားရပါတယ်။