ရုရှားကျူးကျော်စစ် ရပ်တန့်ရန် ဘာလင်တွင် ဆန္ဒပြ၊ ရုရှားအမျိုးသမီး ၃ ဦး ပါဝင်

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော် တိုက်ခိုက်နေတာတွေကို ရပ်ဖို့ ဂျာမနီ နိုင်ငံမှာ ဧပြီ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသမားတွေဟာ ဘာလင်မြို့ လမ်းမတွေပေါ်မှာ ယူကရိန် နိုင်ငံအလံတွေကို ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြတာပါ။
ဆန္ဒပြပွဲကို ဂျာမနီရောက် ယူကရိန်းလူမျိုးတွေက စီစဉ်တာဖြစ်ပြီး ရုရှားလူမျိုးတွေလည်း ပူးပေါင်းပါဝင်တာ တွေ့ရပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရုရှားအမျိုးသမီး ၃ ယောက်က သူတို့တွေဟာ ဘာလင်မြို့က ရုရှား သံရုံးရှေ့မှာ ထိုင်သပိတ်၊ အီစတာ ကာလ သုံးရက်တာ အစာငတ်ခံ သပိတ်ပြုလုပ်နေတယ်လို့ ပြောပါတယ်။
“ယူကရိန်းနိုင်ငံထဲကို ကျူးကျော်နေတဲ့ ဖက်ဆစ် ပူတင်ကို ရုရှားလူမျိုးတိုင်းက ထောက်ခံနေတာမဟုတ်ဘူး။ ဒါကို ယူကရိန်းပြည်သူတွေကို သိစေချင်လို့ ဆန္ဒလာပြတာပါ”လို့ ပိုလီနာဆိုတဲ့ အသက် ၁၉ နှစ်အရွယ် ရုရှား မိန်းကလေးက ပြောပါတယ်။
“ကျမတို့လိုပဲ တခြား ရုရှားတွေကလည်း အမှန်ကို အမှန်အတိုင်း ထုတ်ဖော်ပြောဆိုဖို့ တာဝန်ရှိပါတယ်။ စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်း ပြည်သူတွေ ဒီသတင်းစကားကို သိအောင် လုပ်ဖို့ တာဝန်ရှိပါတယ်” လို့ ပိုလီနာရဲ့ သူငယ်ချင်း ဖြစ်သူ အီလန်နာက ပြောပါတယ်။
ဂျာမနီနိုင်ငံဟာ ယူကရိန်းကို စစ်ရေးအကူအညီတွေ ပေးတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်းမှာ အငြင်းပွားမှုတွေလည်း ဖြစ်နေပါတယ်။
အီစတာကာလမှာ စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားဖို့ ရှိတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။