လောင်းလုံးတွင် သင်္ကြန်အကြတ်နေ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ




တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ကျောင်းသူ/ကျောင်းသားတွေဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီးအမျိုးသမီး၊ LGBTနဲ့ လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို "အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ"ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ရဲ့ ဦးခေါင်းရုပ်ပုံတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။
လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးးက "စစ်ကောင်စီက ဒီနှစ်သင်္ကြန်ပွဲတော်လုပ်တာဟာ သူတို့လက်အောက်မှာ ပြည်သူတွေ ပျော်ရွင်နေပါတယ်၊ ပုံမှန်တိုင်းဖြစ်နေပါတယ်ဆိုတဲ့ပုံရိပ်ကို နိုင်ငံတကာထံ လိမ်လည်ချပြဖို့အတွက်ပဲဖြစ်တယ်၊ အမှန်ကပြည်သူတွေက ဆင်းရဲဒုက္ခခံစားနေရကြောင်းကိုသိဖို့အတွက် သူတို့လုပ်တဲ့ သင်္ကြန်ကို သပိတ်မှောက် ဆန့်ကျင်ရပါမယ်"လို့ ပြောပါတယ်။