၁၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉၀ ခန့် သေဆုံးဟု KNU ထုတ်ပြန်

ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး စစ်ကောင်စီနဲ့ အပေါင်းအပါတပ်သား ၉၀ လောက် သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ကေအန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့် BGF တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က ဒေသတွေမှာ တိုက်ပွဲကြီးတွေ အပါအဝင် တိုက်ပွဲအများဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဥ်တွေနဲ့လည်း တိုက်ခိုက်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ BGF တပ်ဘက်က ၈၇ ယောက်သေဆုံး၊ ၄၅ ယောက် ဒဏ်ရာရခဲ့ပြီး BGF တပ်ဘက်က သေဆုံးတာတချို့ကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၂ ယောက်ကျဆုံး၊ ၁၇ ယောက် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရွာတွေကို ပစ်ခတ်လို့ ပြည်သူ ၄ ယောက်သေဆုံး၊ ၈ ယောက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၅၀၁ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်ဘက်က ၄၂၉ ယောက်သေဆုံး၊ အယောက် ၂၆၀ ဒဏ်ရာရခဲ့တယ်လို KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း ၂၂ ယောက်ကျဆုံးပြီး ကေအန်ယူနယ်မြေထဲမှာ ပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။