close

ဖာပွန်ခရိုင်၌ တိုက်ပွဲတွေကြောင့် ကိုဗစ်ကာကွယ်ဆေးများ ပျက်စီးဆုံးရှုံး

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်မှာ တိုက်ပွဲတွေကြောင့်  ဒွယ်လိုးမြို့နယ်နဲ့ ဘူးသိုမြို့နယ်က ကျေးလက်နေပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေး အချိန်မီမထိုးပေးနိုင်ဘဲ ဆေးတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ကိုဗစ်ကာကွယ်ဆေးထိုးရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုနဲ့ နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာမှုတွေကို တိမ်းရှောင်နေရတဲ့အတွက်  ဒေသခံပြည်သူတွေဆီကို ကိုဗစ်ကာကွယ်ဆေး အချိန်မီမထိုးပေးနိုင်တဲ့အတွက် ကိုဗစ်ဆေးတွေဟာ ပျက်စီးဆုံးရှုံးကုန်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး ကူညီပေးနေသူတစ်ဦးက”ဆေးတွေက ရေခဲစိမ်ထားတာ သတ်မှတ်တဲ့ ရက် အချိန်ကျော်ရင် ဆေးတွေက သုံးမရတော့ဘူး။ ဆေးထိုးမယ့်နေ့မှာ တိုက်ပွဲဖြစ်ပြီး လမ်းပိတ်နေလို့ ဆေးတွေ ဆုံးရှုံးသွားတာရှိတယ်။ ကာကွယ်ဆေးထိုးတာက ရွာတွေမှာလို လူစုပြီးထိုးရတာ မဟုတ်တော့ အခက်အခဲတွေက အများကြီးရှိတယ်”လို့ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးရာမှာ  စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေရှိရာ တောတောင်တွေထဲအထိ လိုက်လံထိုးပေးနေရတာဖြစ်ပြီး ပထမအကြိမ်နဲ့ ဒုတိယအကြိမ်အထိ လူဦးရေ ၂၀၀၀ လောက်ကို ကာကွယ်ဆေးထိုးပြီးပြီလို့ သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့  ဒေသခံအရပ်သားပြည်သူတွေ၊ ကေအန်ယူ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်သွယ်အကူအညီတောင်းခံလာရင်  ဆေးထိုးပေးဖို့ ကူညီပေးသွားမယ်လို့ သိရပါတယ်။

ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့အခြေစိုက်တပ်တွေနဲ့ BGF တပ်တွေရဲ့ မြေပြင်လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ၁ သိန်းကျော်ဟာ တောတောင်၊ လျှိုမြောင်းတွေနဲ့ မြန်မာ-ထိုင်း နယ်စပ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး တောတောင်အတွင်းနဲ့ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် ငှက်ဖျား၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးရောဂါတွေ အပြင်းအထန်ခံစားနေရသလို  နောက်ဆက်တွဲ ရောဂါတွေ ဖြစ်ပွားလာမှာကို စိုးရိမ်တယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up