နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ရွှေနှင့် ဒေါ်လာအမှု ဧပြီ ၂၆ ရက် အမိန့်ချမည်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ လာဘ်စားတယ်ဆိုပြီး စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲပြီး တရားစွဲဆိုထားတဲ့အမှု ဧပြီ ၂၆ ရက် ရုံးချိန်းမှာ အမိန့်ချမယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုထားတဲ့ အမှု ငါးမှုကို ဧပြီ ၁၈ ရက်က ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာယူတယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျန်အမှု လေးမှုနဲ့ ပတ်သက်ပြီးလည်း တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုတွေမှာ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်၀န် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၀င် ဦးမင်းသူတို့လည်း အမှုမှာ ပါ၀င်နေတာဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်လာရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း တရားရုံးအသိုက်အဝန်းကနေ သိရပါတယ်။