close

ပုလဲတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၇ ဦး သေဆုံးဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) က ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်၊ ကံကြီးကျေးရွာနဲ့ ကြူခြံကျေးရွာအကြားမှာ ဧပြီ ၁၉ ရက် မနက် ၆ နာရီခွဲလောက်က နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တာပါ။

ဒါ့အပြင် ပုလဲမြို့နယ်၊ ကြူခြံကျေးရွာအနောက်ဘက်၊ ချင်ပြစ်ကျေးရွာ အရှေ့တောင်ဘက်မှာ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီခွဲကြားက အဆိုပါစစ်ကြောင်းနဲ့ပဲ ထပ်မံ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက် ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲ နှစ်ကြိမ်အတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) တပ်ခွဲက နဂါးစစ်သည်တော်တယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်အောင်ပွဲအတွက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) ရဲ့ နဂါးစစ်သည်တော်တွေအနေနဲ့ မိဘပြည်သူတွေရဲ့ စေတနာနဲ့ အစဉ်မပြတ် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ တနှစ်ကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ ကြေညာထားခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို M.R.D.A က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up