ယူကရိန်းအရှေ့ပိုင်းနှင့်တောင်ပိုင်း စစ်ရေးအခြေအနေ အလွန်ခက်ခဲနေဟု သမ္မတ ဇလန်းစကီး ပြော

ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းက စစ်ရေးအခြေအနေဟာ အလွန်ခက်ခဲနေတယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းမှာ စစ်ရေးအရ အနိုင်ရတယ်ဆိုပြီး ဝါဒဖြန့်ဖို့အတွက် တချို့ဒေသတွေကို မရ ရတဲ့နည်းနဲ့ နိုင်အောင် တိုက်ခိုက်နေတာလို့ သမ္မတ ဇလန်းစကီးက ဧပြီ ၂၀ ရက်ည ဗွီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
ဧပြီ ၁၉ ရက်တုန်းကတော့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အလက်ဇန်ဒါး စူပန်က ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းဒေသ တကျောကို ထိုးစစ်ဆင်နေပြီး တောင်ပိုင်းဒေသက မာရီယူပိုမြို့ကိုလည်း ဝိုင်းရံ တိုက်ခိုက်နေတယ်၊ ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ်ဒေသထဲက မြို့တွေကို ပတ်လည်က ဝိုင်းတိုက်နေတယ်လို့ ပြောပါတယ်။
ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေး အုပ်စုတွေဟာ ၂၀၁၄ ခုနှစ်က ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ် ဒေသတွေကို လွတ်လပ်တဲ့ သမ္မတနိုင်ငံတွေအဖြစ် ကြေညာထားပါတယ်။ ဒီဒေသတွေကို ခွဲထွက်ရေးသမားတွေက တစိတ်တပိုင်း ပိုင်ဆိုင်ထားပါတယ်။
ဧပြီ ၂၀ ရက်ည မိန့်ခွန်းမှာ သမ္မတ ဇလန်းစကီးက ယူကရိန်း သံတမန်တွေဟာ လက်နက်တွေရရှိဖို့၊ စစ်ရေးအကူအညီတွေ အမြန်ရောက်ဖို့ နေ့ည မနားဘဲ အလုပ်လုပ်နေတယ်လို့လည်း ပြောသွားပါတယ်။