close

စစ်ကြောင့် ယူကရိန်းစီးပွားရေး ဆုံးရှုံးမှုအတွက် တလ ကန်ဒေါ်လာ ၇ ဘီလီယံ လိုအပ်ဟု သမ္မတ ဇလန်းစကီးပြော

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ကြောင့် စီးပွားရေး ဆုံးရှုံးတာတွေ ကာမိဖို့ တလကို အမေရိကန်ဒေါ်လာ ၇ ဘီလီယံ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဧပြီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့နဲ့ အစည်းအဝေးတွေအတွင်း တက်ရောက်သူတွေကို ခုလိုပြောလိုက်တာပါ။

ကမ္ဘာ့လူ့အဖွဲ့အစည်းဟာ ရုရှားကို ကမ္ဘာ့ဘဏ်၊ IMF နဲ့ တခြားအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေကနေ ချက်ချင်းထုတ်ပယ်ဖို့ လိုတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတွေအနေနဲ့ စစ်ပြီးကာလ ယူကရိန်း ပြန်လည်တည်ဆောက်ရေး ကူညီရာမှာ ငွေသုံးဖို့နဲ့ တခြားနိုင်ငံတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပေးချေဖို့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ဒဏ်ခတ်၊ သိမ်းဆည်းသင့်တယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းရဲ့ အခြေခံအဆောက်အဦတွေနဲ့ အိုးအိမ်တွေ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ဖိုးလောက်ရှိပြီး စစ်က ဆက်ဖြစ်နေဦးမှာမို့ တန်ဖိုး ပိုများလာဖို့ ရှိတယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ် မယ်ပတ်စ်က ပြောပါတယ်။

အစည်းအဝေး တက်ရောက်သူတွေထဲမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယယ်လန် အပါအဝင် နိုင်ငံတချို့က ဘဏ္ဍာရေးဆိုင်ရာ အရာရှိတွေလည်း ပါပါတယ်။

ယယ်လန်ကတော့ အမေရိကန်ဟာ ယူကရိန်းကို စစ်ရေးနဲ့မဆိုင်တဲ့ တိုက်ရိုက်အကူအညီ ပေးမယ့် ကတိကို ၂ ဆတိုးပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ပေးမယ်လို့ အစောပိုင်းက ပြောပါတယ်။

ယူကရိန်းရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ဟာလည်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့လို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၅ ဘီလီယံဖိုး ကျဆင်းခဲ့တာပါ။ ဒါဟာ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်အရ ၂၀၂၀ တုန်းက ယူကရိန်း စီးပွားရေး ပမာဏရဲ့ ၃ ဆ ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up