close

ရေးမြို့ရှိ စစ်ကောင်စီတပ်ရင်းကို ရေးဘီလူးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-မော်လမြိုင်သွား ကားလမ်းဘေးမှာ အခြေစိုက်တဲ့ စစ်ကောင်စီ စကခ ၁၉ ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၅၈၆ ကို ဧပြီ ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က ရေးဘီလူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိနစ်အနည်းငယ်ကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦး ကျဆုံးခဲ့တယ်လို့လည်း  ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုအခြေအနေကို စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ဒီဗွီဘီ အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

အပြန်အလှန် ပစ်ခတ်နေချိန် ခရီးသည်ကားတွေနဲ့ ပြည်သူတွေ ထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ၂ ဖာလုံလောက် အကွာအဝေးမှာ အသင့်အနေအထားနဲ့ ပိတ်ဆို့ နေရာယူထားပြီး စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

အခုစီးနင်းခံရတဲ့ တပ်ရင်း ၅၈၆ စစ်ဆေးရေးဂိတ်နဲ့ တပ်ရင်း ၃၄၃ တွေကို ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေက ပထမအကြိမ် စီးနင်းတိုက်ခိုက်ခဲ့ပြီး အခုတိုက်ခိုက်မှုက ဒုတိယအကြိမ် ဖြစ်ပါတယ်။

ရေးဘီးလူးတပ်ဖွဲ့ဝင်တွေဟာ အဲဒီစီးနင်းမှုအပြီး အပြန်မှာ တရုတ်နိုင်ငံသားပိုင် အထပ်သားစက်ရုံရှေ့အရောက် တောခေါင်းအရာရှိတဦး ငွေကောက်ခံနေတာ တွေ့တာကြောင့် ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်ဖွဲ့တွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေဟာ ရေး-မော်လမြိုင် ကားလမ်းပေါ်က စစ်ကောင်စီတပ်တွေကို မကြာခဏ တိုက်ခိုက်လေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up