မန်ယူနည်းပြသစ် တန်ဟတ်ချ်နှင့် စကားပြောဆိုဖူးခြင်းမရှိဟု ရင်းနစ်ခ်ဝန်ခံ

မန်ယူအသင်းက နည်းပြ တန်ဟတ်ချ်ကို လာမယ့်ရာသီအတွက် တရားဝင်ခန့်အပ်လိုက်ပေမယ့် သူနဲ့ စကား ပြောဆိုဖူးခြင်း မရှိသေးဘူးလို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။
ရင်းနစ်ခ်ဟာ ရာသီအကုန်မှာ မန်ယူအသင်းရဲ့ အားကစားဒါရိုက်တာအနေနဲ့ ပြောင်းလဲတာဝန်ယူသွားဖို့ရှိတာကြောင့် နည်းပြ တန်ဟတ်ချ်ကို ခေါ်ယူမှုမှာ အဓိကနေရာကနေ ပါဝင်ခဲ့လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတာပါ။
ဒါပေမယ့်လည်း အဲရစ်တန်ဟတ်ချ်က နည်းပြကောင်းတဦးဖြစ်ပြီး ကောင်းမွန်တဲ့ ရွေးချယ်မှုတခုဖြစ်တယ်ဆိုတာကိုတော့ အသင်းဘုတ်အဖွဲ့ကို ထောက်ခံချက်ပေးခဲ့တယ်လို့ ရင်းနစ်ခ်က ပြောပါတယ်။
“ကျနော်တို့ မတွေ့ဆုံဖူးတာကြောင့် ပုဂ္ဂိုလ်ရေးအရ တယောက်နဲ့တစ်ယောက် မသိကြပါဘူး။ ဘိုင်ယန်မြူးနစ်ယူ ၂၃ အသင်းနည်းပြခဲ့တဲ့အချိန်ကနေ အိုင်းယက်အသင်းဆီရောက်တဲ့အထိ သူ့ရဲ့ ဘောလုံးဒဿနကို သဘောကျပါတယ်။ သူက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တခုဆိုတာယုံကြည်ပြီး တခြားကိစ္စတွေနဲ့ ပတ်သက်လို့တော့ စကားပြောဆိုဖို့ အချိန်မရှိခဲ့ပါဘူး” လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။
နည်းပြရန်းနစ်ခ်အနေနဲ့ တန်ဟတ်ချ်နဲ့ စကားပြောဆို ဖူးခြင်းမရှိသေးဘူးလို့ ဝန်ခံခဲ့တာကြောင့် နည်းပြသစ်ခန့်အပ်မှုမှာ မန်ယူအသင်းဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အဓိကဖြစ်တယ်ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။