နည်းပြသစ် တန်ဟတ်ချ်ကို ကမ္ဘာ့အဆင့်ရှိနည်းပြဟု ကွင်းလယ်လူ ဖရက်ဒ်ချီးကျူး

မန်ယူအသင်းက တရားဝင်ခန့်အပ်လိုက်တဲ့ နည်းပြသစ် တန်ဟတ်ချ်ဟာ ကမ္ဘာ့အဆင့်ရှိ နည်းပြ ဖြစ်တယ်လို့ ကွင်းလယ်လူ ဖရက်ဒ်က ချီးကျူးစကားဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဟော်လန်ကလပ် အိုင်းယက်နည်းပြ အဲရစ်တန်ဟတ်ချ်ကို ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး လာမယ့်ရာသီမှာ စတင်တာဝန်ယူသွားမှာပါ။
နည်းပြတန်ဟတ်ချ်ကို ခေါ်ယူခန့်အပ်လိုက်ကြောင်း မန်ယူအသင်းက တရားဝင်ကြေညာချက်ထုတ်ပြန်ပြီးနောက်မှာ ကွင်းလယ်လူဖရက်ဒ်က ချီးကျူးစကားဆိုခဲ့တာပါ။
“ကြီးကျယ်ခမ်းနားတဲ့ သတင်းကောင်းပါပဲ။ သူက ကမ္ဘာ့အဆင့်နည်းပြတဦးဖြစ်လို့ ကျနော်တို့ကို အများကြီး ကူညီပေးနိုင်မှာပါ။ အိုင်ယက်ပွဲတွေကိုလည်း ကျနောေကြည့်ဖူးတော့ သူတို့က ဘောလုံးကို ကောင်းကောင်းကစားနိုင်တဲ့အသင်းဖြစ်တယ်။ သူက အသင်းကို အများကြီးကူညီနိုင်လို့ လာမယ့်ရသီမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့မျှော်လင့်ပါတယ်။”
နည်းပြတန်ဟတ်ချ်ကတော့ ယူနိုက်တက်အသင်းကို တာဝန်ယူခွင့်ရတာက ဂုဏ်ယူစရာ ကောင်းပြီး စိန်ခေါ်မှုတွေအတွက်လည်း စိတ်လှုပ်ရှားမိတယ်လို့ ပြောထားပါတယ်။