close

ရှေ့တန်းရောက် စစ်ကောင်စီတပ်သား ၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်

ရှေ့တန်းရောက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၂ ခုက တပ်သား ၂ ယောက် ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်လာတယ်လို့  ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

CDM ခိုလှုံသူတွေ ဖြစ်ကြတဲ့ ခမရ (၁) သထုံမှ တပ်သား ဝင်းထွန်းနဲ့ ခမရ (၅၅၉) ဘုတ်ပြင်းမှ တပ်သား ကျော်ဇောဟိန်းတို့ဟာ ပြီးခဲ့တဲ့ မတ် ၁၀ ရက်က ရှေ့တန်းတနေရာမှာ ကော်ဘရာစစ်ကြောင်းဆီ ဆက်သွယ် ခိုလှုံခဲ့ကြတာလို့ ဆိုပါတယ်။

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးတာပေါက “အေးမြတဲ့အရိပ်နဲ့ နွေးထွေးတဲ့ Cobra ညီကိုတွေရဲ့ ရင်ခွင်မှာ သူတို့လေးတွေ လုံခြုံသွားပါပြီ”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်က တဆင့် မျှဝေထားပါတယ်။ 

ကော်ဘရာစစ်ကြောင်းအနေနဲ့ CDM အဖြစ် ပြည်သူ့ရင်ခွင် ခိုလှုံလာကြသူတွေကို နွေးထွေးစွာ ကြိုဆိုလက်ခံနေပြီး သူတို့နဲ့ မိသားစု လုံခြုံရေး၊ နေထိုင်ရေးတွေကိုလည်း တာဝန်ယူ စောင့်ရှောက်ပေးနေတဲ့အပြင် လက်နက်နဲ့တကွ CDM ခိုလှုံကြမယ့်သူတွေအနေနဲ့လည်း ကော်ဘရာစစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up