ဖင်လန်၊ ဆွီဒင်တို့ အဖွဲ့ဝင်အဖြစ် အမြန်ပူးပေါင်းနိုင်မည်ဟု မျှော်လင့်ကြောင်း နေတိုးပြော

ဖင်လန်နဲ့ ဆွီဒင်သာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ဆုံးဖြတ်ပြီး လျှောက်ထားပါက အမြန်ပူးပေါင်းနိုင်မယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က ဧပြီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
တကယ်လို့ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားပြီးပါက သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုမယ်၊ လုပ်ငန်းစဉ်တွေ အမြန်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ သူက သတင်းထောက်တွေကို ဘရပ်ဆဲလ်မြို့မှာ ပြောပါတယ်။
ဧပြီ ၂၈ ရက် နှောင်းပိုင်းမှာ ဖင်လန်သမ္မတနဲ့ စကားပြောဖို့ စီစဉ်ပြီးပြီလို့လည်း သူက ပြောပါတယ်။
စကင်ဒီနေးဗီးယားနိုင်ငံနှစ်ခုဖြစ်တဲ့ ဖင်လန်နဲ့ ဆွီဒင်က လျှောက်လွှာတင်တာနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၀ စလုံးရဲ့ လွှတ်တော်တွေမှာ တရားဝင် အတည်မပြုမီ ကြားဖြတ်ကာလအတွက် အစီအစဉ်တွေရှိတာ သေချာတယ်လို့လည်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။
ဖင်လန်နဲ့ မိုင် ၈၁၀ ထိ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရုရှားကတော့ တကယ်လို့ ဖင်လန်နဲ့ ဆွီဒင်တို့ နေတိုးနဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ရင် ရုရှားရဲ့ ဘောလ်တစ်နယ်မြေဖြစ်တဲ့ ကလီနင်ဂရက်မှာ ဒုံးကျည်တွေနဲ့ နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ချထားမယ်လို့ ပြောခဲ့ပါတယ်။