သီရိလင်္ကာလူထုဆန္ဒပြပွဲတွင် ကျောင်းဆရာ၊ ဘဏ်နှင့် ရထားဝန်ထမ်းများ ပူးပေါင်း

သီရိလင်္ကာနိုင်ငံရဲ့ မြို့တော် ကိုလံဘိုမှာ ကျောင်းဆရာတွေနဲ့ ရထားမောင်းသူတွေက လူထုဆန္ဒပြပွဲမှာ ပူးပေါင်းလိုက်တဲ့အတွက် ဧပြီ ၂၈ ရက်က ကျောင်းအများအပြားနဲ့ ရထားဘူတာ အတော်များများ ခြောက်ကပ်နေပါတယ်။
ဆယ်စုနှစ်ချီ ကာလအတွင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကြောင့် သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာ အစိုးရ နုတ်ထွက်ဖို့ တောင်းဆို ဆန္ဒပြနေကြတာပါ။
နိုင်ငံတလွှားက လမ်းတွေပေါ်မှာ ပြည်သူတွေ ထောင်ချီ ဆန္ဒပြနေသလို အနက်ရောင်ဝတ် အလံတွေ ကိုင်ဆောင်ထားတဲ့ သီရိလင်္ကာအစိုးရပိုင် ဘဏ်ဝန်ထမ်းရာချီဟာလည်း တခြားဘဏ်ဝန်ထမ်း သမဂ္ဂတွေနဲ့ ပူးပေါင်းပြီး သမ္မတရုံးဆီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ လောင်စာဈေး မြင့်တက်မှု၊ အခွန်လျှော့ချမှုနဲ့ အမြန်ကျဆင်းလာတဲ့ နိုင်ငံခြားငွေ အရံဘဏ္ဍာရေး အခြေအနေတွေကြောင့် သီရိလင်္ကာ အစိုးရမှာ လောင်စာဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါးတို့လို မရှိမဖြစ် တင်သွင်းကုန်တွေအတွက် ပေးချေစရာ ဒေါ်လာလုံလောက်အောင် မရှိဘဲ ဖြစ်ခဲ့တာပါ။
တကယ်လို့ သမ္မတနဲ့ အစိုးရ နုတ်မထွက်ရင် မေ ၆ ရက်ကစပြီး ဆက်တိုက်ဆန္ဒပြမယ်လို့ သီရိလင်္ကာအလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေက ခြိမ်းခြောက်ထားပါတယ်။