ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်က တာဝေးပစ်လက်နက်ကြီး စမ်းသပ်ထုတ်လုပ်

စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲတဲ့အခါ လက်နက်ခဲယမ်း ကွာဟမှုတွေ ရှိနေတာကြောင့် ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ (SPGF) က တာဝေးပစ် လက်နက်ကြီးတမျိုးကို စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့တယ်လို့ SPGF တပ်ဖွဲ့က ပြောပါတယ်။
ပြည်သူလူထု လှူဒါန်းထားတဲ့ SPGF ရဲ့ ရန်ပုံငွေနဲ့ စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့တာ ဖြစ်ပြီး အကွာအဝေး တမိုင်ခွဲလောက်အထိ ပစ်ခတ်တိုက်ခိုက်နိုင်သလို ကုန်ကျစရိတ်အနေနဲ့ ကျပ် ၁၅၀,၀၀၀ လောက် ရှိတယ်လို့ SPDF ရဲ့ လက်နက်ကြီးပိုင်းဆိုင်ရာ တာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ တာဝေးပစ် လက်နက်ဟာ ၆၀ မမ အမျိုးအစားဖြစ်ပြီး ပြောင်းဖိုးကုန်ကျငွေ ကျပ် ၈၅,၀၀၀ ဝန်းကျင်ရှိပြီး ယမ်းနဲ့ တခြားပစ္စည်းတွေနဲ့ဆိုရင် ကျပ် ၁ သိန်းခွဲလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါ တတောင့်ထိုးတွေ၊ ရှော့ဂန်းတွေကိုသာ အသုံးပြုတိုက်ခိုက်နေရတာဖြစ်လို့ တာဝေးပစ်လက်နက်ကို စမ်းသပ်ထုတ်လုပ်တာဖြစ်သလို မိဘပြည်သူတွေအနေနဲ့လည်း မိမိတို့ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးကြဖို့ အကူအညီတောင်းခံချင်တယ်လို့ ပြောပါတယ်။
လက်နက်ကြီးတွေ၊ မိုင်းတွေ စမ်းသပ်ထုတ်လုပ်တဲ့ နေရာမှာလည်း အန္တရာယ်များကာ မတော်တဆ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားပြီး နိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုင်းပြည်အတွက် အသက်ပေးလိုက်ရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေလို PDF တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ ဧပြီ ၇ ရက်ကစလို့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂၀ လောက်က ပြည်သူ ၂၀,၀၀၀ နီးပါးလောက်ဟာ ဘေးလွတ်ရာ တောတွေထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။