ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၂ ရွာကို မတ် ၂ ရက်နေ့ ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း လယ်ယာကျေးရွာကို မနေ့မနက် ၉ နာရီကျော်လောက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အင်အား ၁၅၀ လောက်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် ည ၈ နာရီလောက်မှာ အဲဒီစစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
"နှစ်ဖက် တိုက်ပွဲဖြစ်တာတော့ မရှိဘူးဗျ။ သေနတ်သံကြားလို့ မီးရှို့ဖျက်ဆီးသွားကြတာ။ သေနတ်ကတော့ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာ မသိရသေးဘူး။ လယ်ယာရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတဲ့အနက် နေအိမ် ၁၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တယ်။ ဒါ့အပြင် လက်ပံလှကျေးရွာကိုလည်း ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်ဗျ။ မီးတွေကတော့ လောင်နေတုန်းပဲ။ ဘယ်နှအိမ်လောင်တယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ကောင်စီတပ်တွေက အဲဒီရွာကို မီးရှို့ပြီး ဝန်ခြုံးရွာဘက်ကို ထွက်သွားကြတယ်။"
စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာ ၂ ရွာက ဒေသခံပြည်သူ ၁,၀၀၀ နီးပါးလောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဝန်ခြုံးရွာမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က ကား ၃ စီးနဲ့ အင်အားထပ်တိုးကာ ဝန်ခြုံးရွာအရှေ့ဘက်နဲ့ ရွာထဲမှာ တပ်စွဲထားပြီး ကင်းပုန်းတွေလည်း ချထားတယ်လို့ ပြောပါတယ်။
ဝန်ခြုံးရွာ အနောက်ဘက်က တောင်ကုန်းပေါ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ SPGF နဲ့ GZ အဖွဲ့ပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ၂ နာရီကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။