ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရေး စိုးရိမ်နေရပြီဟု ချဲလ်ဆီးနည်းပြ တူချယ် ဝန်ခံ

ချဲလ်ဆီးအသင်းအနေနဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ စိုးရိမ်နေရပြီလို့ နည်းပြ တူချယ်က ဝန်ခံပြောသွားပါတယ်။
အဲဗာတန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက်မှာ အသင်းရဲ့စွမ်းဆောင်ရည်ကို နည်းပြတူချယ်က စိတ်ပျက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်လေးအတွင်းဝင်ဖို့ မသေချာတဲ့ အခြေအနေရောက်သွားတယ်လို့ ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နေပေမယ့် နောက်ဆုံး ၄ ပွဲမှာ ၄ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၃ မှတ်သာ ကွာဟတော့တာပါ။
အဆင့် ၅ နေရာက စပါးကိုတော့ ၅ မှတ်ဖြတ်ထားပေမယ့် အဆင့်လေးအတွင်းဝင်ဖို့ မသေချာသေးကြောင်း နည်းပြတူချယ်က ပြောပါတယ်။
“ရလဒ်ပိုင်းနဲ့ ပတ်သက်ပြီး အလွန်စိတ်ပျက်မိပါတယ်။ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ စိုးရိမ်နေရတာက မှန်ပါတယ်။ ဘယ်လိုပြိုင်ပွဲမျိုးမှာ ယှဉ်ပြိုင်နေရပါစေ နောက်ဆုံး ၄ ပွဲမှာ ၄ မှတ်ပဲ ရတယ်ဆိုတာက လုံလောက်မှုမရှိပါဘူး။ ကျနော်တို့ ကြီးမားတဲ့ အမှားတွေ မလုပ်မိဘဲ ကစားနိုင်ဖို့အတွက် ရုန်းကန်နေရတယ်။ ဒါကြောင့်လည်း ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတာဖြစ်တယ်။”
ချဲလ်ဆီးအသင်းဟာ လက်ကျန် ၄ ပွဲမှာ ဝုဗ်၊ လက်စတာနဲ့ ဝက်ဖို့ဒ်အသင်းတွေကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး လိဒ်ယူနိုက်တက်နဲ့ အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။