ကီးယက်ဗ်၌ အမေရိကန်သံရုံး မေလကုန်ပြန်ဖွင့်မည်

ယူကရိန်းနိုင်ငံ ကီးယက်ဗ်မှာ အမေရိကန် သံရုံးကို မေလအကုန်မှာ ပြန်ဖွင့်သွားဖို့ မျှော်မှန်းထားတယ်လို့ သံရုံးယာယီတာဝန်ခံက မေ ၂ ရက်မှာ ပြောပါတယ်။
အမေရိကန်သံတမန်တွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ် မစတင်ခင် ၂ ပတ်ကတည်းက ကီယက်ဗ်ကနေ ထွက်ခွာသွားခဲ့ကြတာပါ။
သံရုံး လုပ်ငန်းတွေကို အနောက်ဘက်က ပိုလန်နဲ့ နယ်စပ် ယူကရိန်း မြို့တမြို့ ဖြစ်တဲ့ လီဗြူး မြို့ဆီကို ပြောင်းရွှေ့ခဲ့ပြီး နောက်တော့ ပိုလန်ဘက်အခြမ်းကို ပြောင်းရွှေ့သွားပါတယ်။
“မေ ၂ ရက်က ယူကရိန်းကို နေ့ချင်းပြန်အနေနဲ့ ပထမဆုံး ပြန်လာတာပါ။ နောက်တပတ်၊ နှစ်ပတ်လောက်ကြာရင် ထပ်လာဖို့ရှိပါတယ်။ အခြေအနေပေးမယ်ဆိုရင် ဒီလကုန်လောက်မှာ ကီယက်ဗ်ကို ပြန်လာပါမယ်” လို့ ယူကရိန်း နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီသံအမတ်ကြီး ခရစ္စတီးနား ကီဗင်က ပြောပါတယ်။
ရုရှားက စစ်မျက်နှာကို ယူကရိန်းမြို့တော် ကီယက်ဗ်ကနေ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ပြောင်းလဲလိုက်တဲ့နောက် အနောက်နိုင်ငံ သံရုံးတွေ အတော်များများဟာ ကီယက်ဗ်မြို့မှာ ပြန်လည် အခြေချနေကြပြီ ဖြစ်ပါတယ်။
ဒိန်းမတ်၊ ပြင်သစ် အပါအဝင် နိုင်ငံအတော်များများလည်း ကီယက်ဗ်မှာ ဖွင့်ထားတဲ့ သူတို့သံရုံးကို ရုရှားရဲ့ကျူးကျော်စစ်စတင်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နောက်ပိုင်းကတည်းက ပိတ်ထားခဲ့ပြီး အခု ပြန်ဖွင့်တော့မယ်လို့ ကြေညာထားကြပါတယ်။