ချန်ပီယံလိဂ်ဝင်ခွင့်ရလျှင် ပေါင် ၃ သန်းခွဲ ဆုကြေးပေးမည်ဟု စပါးအသင်း မက်လုံးပေးထား

စပါးအသင်းဟာ ရာသီအကုန်မှာ အဆင့်လေးအတွင်းဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်ဆိုရင် ပေါင် ၃သန်းခွဲ ဆုကြေးပေးမယ်လို့ အသင်းသားတွေကို မက်လုံးပေးထားပါတယ်။
စပါးအသင်းဟာ လက်ကျန်ပွဲစဉ် ၄ ပွဲအလိုမှာ အဆင့်လေးနေရာက အာဆင်နယ်အသင်းနဲ့ ၂ မှတ်သာ ကွာဟနေတာပါ။
ရာသီအကုန်မှာ အာဆင်နယ်ကို ကျော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမယ့် အဆင့်လေးနေရာမှာ ရပ်တည်နိုင်မယ်ဆိုရင်တော့ အသင်းသားတွေသာမက နည်းပြချုပ် ကွန်တီပါ ဆုကြေးရရှိမယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
အခြေခံအားဖြင့် အဆင့်လေးနေရာ ရပ်တည်ခဲ့မယ်ဆိုရင် ပေါင် ၁ သန်းကျော် ဆုကြေးပေးမှာဖြစ်ပြီး အဆင့် ၃ နေရာမှာ ရပ်တည်နိုင်မယ်ဆိုရင် ပေါင် ၁ သန်းခွဲ ဆုကြေးပေးမှာပါ။
ဒါပေမဲ့ ကစားသမားတွေရဲ့ တပွဲချင်းစီအလိုက် နိုင်ပွဲနဲ့ ရမှတ်ရရှိမှုအပေါ် မူတည်ပြီး ဆုကြေးတွေ ထပ်မံရရှိမှာဖြစ်လို့ အဆင့်လေးနေရာ ရခဲ့မယ်ဆိုရင် စပါးအသင်းသားတွေရဲ့ စုစုပေါင်း ဆုကြေးပမာဏဟာ ပေါင် ၃သန်းခွဲအထိ ရရှိမှာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် နည်းပြ ကွန်တီအတွက်လည်း ပေါင် ၂ သန်းလောက် ဆုကြေးရရှိမှာဖြစ်ပြီး အသင်းသားတွေရဲ့ ဆုကြေးအပါအဝင် စုစုပေါင်း ပေါင် ၅ သန်းအထိ စပါးအသင်းက ဆုကြေးပေးရဖို့ ရှိပါတယ်။