close

စစ်ကောင်စီဒုခေါင်းဆောင် ခရီးစဉ်ကြောင့် ရန်ကုန်-ရေး-ထားဝယ်-မြိတ် ကားလမ်းတွင် လုံခြုံရေး တင်းကျပ်

စစ်ကောင်စီ ဒုခေါင်းဆောင် ခရီးစဉ်ရှိတာကြောင့် ရန်ကုန်-ရေး-ထားဝယ်-မြိတ်ကားလမ်း အာရှလမ်းမပေါ်က နေရာအတော်များများမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသဆိုင်ရာ PDF အဖွဲ့ တာဝန်ရှိသူတဦးက "အင်အားတွေ အတော်များများ ချထားတယ်။ ကာကွယ်ရေး ဒုတိယစစ်ဦးချုပ် စိုးဝင်း တနင်္သာရီခရီးစဉ်ရှိတယ် ကြားပြီး အင်အားတွေချထားတာ။ လုံခြုံရေးအသွင်လား၊ ဒီဘက် စစ်ထိုးမလား မပြောတတ်သေးဘူး။ ကျနော်တို့ PDF ဘက်က အသင့်အနေထား စောင့်ကြည့်နေတယ်" လို့ ပြောပါတယ်။

ရေးမြို့နယ် နယ်မြေခံတပ်ရင်းတွေဘက်ကလည်း ပြီးခဲ့တဲ့ ၂ ရက်နေ့ကတည်းက စစ်ဘက်သာမက အရပ်ဘက်အသွင်ဆောင်ကာ နယ်မြေလုံခြုံရေးတွေ ပိုမိုလှုပ်ရှားလာနေလို့ ရေး-သံဖြူဇရပ်လမ်းမှာရှိတဲ့ ရာဘာခြံ အလုပ်သမားတွေ စိုးရိမ်နေကြပါတယ်။

စစ်ရေးအရ တင်းမာမှုဖြစ်နေတဲ့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်ကို စစ်ကောင်စီ ဒုတိယကာကွယ်ရေးစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း စည်းရုံးရေးဆင်းနေပြီး မေ ၁ ရက်ကနေ ၇ ရက်နေ့အထိ သွားရောက်မယ့် ခရီးစဉ် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မေ ၁ ရက်က တနင်္သာရီတိုင်း ဘုတ်ပြင်း၊ ကျွန်းစု၊ ဇာဒက်ကြီး၊ မော်တုံးကြီး၊ မြိတ်တို့ကို သွားရောက်ခဲ့ပြီး မေ ၂ ရက်မှာ မြိတ်မြို့နယ် ပလောက်၊ ကင်းတောင်၊ ဟိန်းဇဲ၊ မေ ၃ ရက်မှာ မော်လမြိုင်၊ သံဖြူဇရပ်/ဝဲကလိ၊ ရေးမြို့နယ်၊ မေ ၄ ရက်မှာ ထားဝယ်နဲ့ မေ ၅ ရက်မှာ ကိုကိုးကျွန်း၊ မေ ၇ ရက်မှာ ရန်ကုန်ကနေ နေပြည်တော်ကို သွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up