close

လောင်းလုံးမြို့တွင် ပျူစောထီးအဖွဲ့က ပြည်သူများကို မတရားခြိမ်းခြောက် သတ်ဖြတ်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေက ပြည်သူတွေကို မတရားသတ်ဖြတ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေဟာ ဧပြီ ၂၈ ရက်ညက လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအတွင်း ကျေးရွာရပ်မိရပ်ဖ ၃ ဦးကို နေအိမ်တွေအထဲထိ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး မေ ၃ ရက်၊ မနက် ၂ နာရီလောက်ကလည်း အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးကို ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး အပါအဝင် သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်နေကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

အဲဒီခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တဦးက "လူထုသပိတ်ဆိုတာက လုံးဝ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတခုပါ။ အဲဒီလို လှုပ်ရှားမှုမှာ ပါဝင်နေတဲ့သူတွေကို အခုလို ခြိမ်းခြောက်တာကတော့ တော်တော်ယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်ပါပဲ။ ဒါတွေအကုန်လုံးက စစ်ကောင်စီရဲ့ စီမံချက်တွေပါပဲ" လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှာလည်း အဆိုပါ ပျူစောထီးအဖွဲ့ရဲ့ မတရားသတ်ဖြတ် ရမ်းကား ခြိမ်းခြောက်မှုတွေကြောင့် တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အင်အား ၁၅ ဦးလောက်ရှိတဲ့ စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတာဖြစ်ပြီး အဲဒီအဖွဲ့ဝင်တွေဟာ ရဲစခန်း၊ စရဖရုံးတွေကို အမြဲဝင်ထွက် သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up