close

ဘန်ကောက်၊ သုဝဏ္ဏဘူမိလေယာဉ်ကွင်းထဲ အမျိုးသား ၁ ဦး ဆိုင်ကယ်စီး ဝင်ရောက်သောင်းကျန်း (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေယာဉ်ကွင်းထဲကို မေလ ၃ ရက်က ဆေးကြောင်သူ အမျိုးသားတယောက် ဆိုင်ကယ်စီးဝင်လာပြီး သောင်းကျန်းတဲ့အတွက် လေဆိပ်ရှိလူတွေ အထိတ်တလန့်ဖြစ်ကုန်ပြီး လုံခြုံရေးဝန်ထမ်းတွေလည်း လူဖမ်းတဲ့ စွန့်စားခန်းတွေ လုပ်ခဲ့ရပါတယ်။

အသက် ၃၀ ကျော်အရွယ် အဆိုပါလူရွယ်ဟာ မနေ့ မနက် ၁၁ နာရီ ၅၀ မိနစ်လောက်က ဆိုင်ကယ်စီးခွင့် တားမြစ်ထားတဲ့ လေယာဉ်ကွင်း Control Part 3 လမ်းကြောင်းထဲကို ဆိုင်ကယ်နဲ့ ဒယီးဒယိုင်မောင်းနှင်ဝင်ရောက်လာခဲ့ပါတယ်။ 

ဝင်ပေါက်မှာ လုံခြုံရေးဝန်ထမ်းတွေက တားဆီးခဲ့ပေမယ့် သူက သေနတ်ထုတ်ပြပြီး ခြိမ်းခြောက်တာကြောင့် မဟန့်တားနိုင်ဘဲ  တာဝန်ရှိယာဉ်တွေ သွားလာဖို့ ဖွင့်ထားတဲ့အပေါက်ကနေ လေယာဉ်ကွင်း Airside ထဲကို မောင်းသွားခဲ့တာပါ။ 

အထဲရောက်တော့ ဆိုင်ကယ်လဲကျသွားပြီး လူလွတ်လျှောက်ပြေးနေခဲ့ကာ သူ့လက်ထဲမှာလည်း သေနတ်အပြင် ရဲဒင်းပါ ပါတယ်လို့ ဆိုပါတယ်။ 

သူဟာ လေဆိပ်အဆောက်အအုံ လှေကားပေါ် ပြေးတက်သွားပြီး ခရီးသည်တွေ လေယာဉ်ပေါ်တက်မယ့် A 4 ဂိတ်ထဲဝင်ရောက်ဖို့ ကြိုးစားခဲ့ကြောင်း၊ အရှေ့က  မှန်တံခါးတထပ်ကို ရဲဒင်းနဲ့ ထုခွဲတာကြောင့် သူ့သေနတ်ဟာ အစစ်မဟုတ်ဘူးဆိုတာ သိသွားပြီး တာဝန်ရှိသူတွေက ဝင်ရောက်လုံးထွေး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးရမိဖို့ လေဆိပ်လုံခြုံရေးဝန်ထမ်းတွေ အချိန် ၁၀ မိနစ်ကြာ ကြိုးပမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး သုဝဏ္ဏဘူမိလေဆိပ်ညွှန်ကြားရေးမှူး နိုင်းကစ်သီဖုန်း ကစ်သီခကျွမ်းနဲ့ လေဆိပ်လုံခြုံရေးရဲတပ်ဖွဲ့က မေ ၄ ရက် နေ့ ဒီကနေ့သတင်းစာရှင်းခဲ့ရာမှာ မနေ့ကဖြစ်သွားတဲ့ကိစ္စ လုံးဝမျှော်လင့်မထားတဲ့ ဖြစ်ရပ်တခုဖြစ်ပြီး လေဆိပ်လုံခြုံရေးအတွက် တင်းကျပ်စွာ ဆောင်ရွက်ထားရှိကြောင်း၊ နောက်နောင်ဒီလိုမဖြစ်စေဖို့ ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးစနစ်ကို ဖြည့်ဆည်းသွားမှာဖြစ်တဲ့အတွက် ခရီးသွားအများပြည်သူတွေအနေနဲ့ စိတ်ချယုံကြည်စေလိုကြောင်း ပြောပါတယ်။  

လေဆိပ်ဧရိယာထဲ ဝင်ရောက်သောင်းကျန်းသူမှာ နိုင်းဝပ်ချရ ထမ်းဘွတ် (အသက် ၃၄ နှစ်) ဖြစ်ပြီး လေဆိပ်အဆောက်အအုံ ပျက်စီးစေတဲ့ လက်နက်ကိုင်ဆောင်မှု၊ တာဝန်မှအပ တားမြစ်ထားသော နေရာကို ကျူးကျော်ဝင်ရောက်မှု၊  လေဆိပ်အဆောက်အအုံမှ ပစ္စည်းပျက်စီးဆုံးရှုံးစေမှု၊  အများပြည်သူဆိုင်ရာနေရာမှာ မလိုလားအပ်ဘဲ လက်နက်ကိုင်ဆောင်မှု၊ အဆင့် ၁ အပြင်းစားမူးယစ်ဆေးဝါး သုံးစွဲမှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှုတွေနဲ့  တရားစွဲအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

နိုင်ငံတကာလေဆိပ်ဟာ တိုင်းပြည်လုံခြုံရေးအတွက်ပါ အလွန်အရေးကြီးသော တံခါးပေါက် ဖြစ်တာကြောင့် လေဆိပ်လုံခြုံရေးအတွက် တားမြစ်ထားသောစည်းကမ်းတွေကို ဖောက်ဖျက်ပါက ထောင်ဒဏ်အနည်းဆုံး ၁၅ နှစ်မှ နှစ် ၂၀ အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၆ သိန်းမှ ၈ သိန်းထိ ကျခံရမယ်လို့ ဥပဒေသတ်မှတ်ထားကြောင်း လေဆိပ်ညွှန်မှူးက ပြောပါတယ်။ 

ကိုးကား - Thai Crime

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up