ဟုမ္မလင်းမြို့နယ်၌ CDM သားဖွားဆရာမ ၁ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပတ်ကျေးရွာကို စစ်ကောင်စီတပ်က မေလ ၅ ရက်နေ့က ဝင်ရောက်လာပြီး CDM သားဖွားဆရာမ မဇာဖြူဝင်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့လယ် ၁၂ နာရီလောက်မှာ နောင်ပတ်ကျေးရွာ CDM သားဖွားဆရာမ မဇာဖြူဝင်း ဖွင့်ထားတဲ့ ဆေးခန်းကို စစ်ကောင်စီတပ်တွေ ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “ဆေးခန်းဖွင့်ထားတာက ကြာပြီ။ ရွာကလူတွေ အဲဒီဆရာမ ဆေးခန်းပြတယ်။ အခု ဖမ်းခံရတာ ဒလန် သတင်းပေးလို့ ဖမ်းဆီးတာ။ ဆရာမပဲ မိလိုက်တယ်။ သူ့ယောက်ျားကိုတော့ မမိဘူး။ ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
သူနာပြုဆရာမ မဇာဖြူဝင်းဟာ မုံရွာ၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး မီးယပ်သားဖွားဆေးရုံမှာ တာဝန်ထမ်းဆောင်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ခဲ့တာဖြစ်ပါတယ်။