နယူးယော့ခ်မြို့တွင် ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသူများ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့က ယူနီယံစကွဲမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံတဲ့ ရာချီတဲ့ ကျောင်းသားတွေနဲ့ တခြားတက်ကြွလှုပ်ရှားသူတွေ မေ ၅ ရက်က စုရုံး ဆန္ဒပြကြပါတယ်။
၁၉၇၃ ခုနှစ်ကတည်းက တရားဝင် ခွင့်ပြုထားတဲ့ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေ (1973 Roe v. Wade) ကို အမေရိကန်ရဲ့ အမြင့်ဆုံးတရားရုံး စူပရင်းကုတ်က ပြင်ဆင်တော့မယ့် ဥပဒေမူကြမ်း ပေါက်ကြားလာတဲ့အတွက် အခုလို ဆန္ဒပြနေကြတာပါ။
"အမျိုးသမီးတွေ မလိုချင်တဲ့ ကလေးတွေကို ယူရမှာလား၊ ကိုယ်ဝန်ဖျက်ချခွင့် မပေးတာဟာ အမျိုးသမီးတွေရဲ့ဘဝကို ဖျက်ဆီးတာပဲ၊ အိပ်မက်တွေကို ဖျက်ဆီးလိုက်တာပဲ၊ အမျိုးသမီးတွေကို ဆင်းရဲသထက် ဆင်းရဲအောင် လုပ်လိုက်တာပါပဲ" လို့ ဆန္ဒပြပွဲမှာ ဦးဆောင်သူတယောက်ဖြစ်တဲ့ စန်စာရာ တေလာက ပြောပါတယ်။
နယူးယော့ခ်မြို့မှာနေတဲ့ အထက်တန်းကျောင်းသူ အန်နာ ဟန့်ဒ်က "ကျမတို့ခန္ဓာကိုယ်ကိုတောင် သူတို့ပိုင်တယ်လို့ ထင်နေကြတဲ့ အဲဒီ အစိုးရအရာရှိတွေရဲ့လုပ်ရပ်ကို ဟန့်တားနိုင်ဖို့ ကျမ ဒီနေရာကို ရောက်လာတာပါ။ နှစ်ပေါင်း ၅၀ လောက် တိုက်လာရတဲ့ ကျမတို့ အခွင့်အရေးကို ကျမတို့ကို ပြန်ပေးပါ" လို့ ပြောသွားပါတယ်။
ဒီဆန္ဒပြပွဲဟာ အစိုးရမဟုတ်တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ Rise Up 4 Abortion Rights အဖွဲ့က စီစဉ်တဲ့ နိုင်ငံလုံးချီ ဆန္ဒပြပွဲရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ကိုယ်ဝန်ဖျက်ချခွင့်အတွက် ရပ်တည်ကြ၊ ငါတို့ သားဖောက်တဲ့စက် မဟုတ်ဘူး စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ကြပါတယ်။ တချို့က ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံတဲ့ အရောင်ဖြစ်တဲ့ အစိမ်းရောင်တွေ ဝတ်ထားကြပါတယ်။