ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းဆေးရုံ ရာချီ ပျက်စီးဟု သမ္မတ ဇလန်းစကီးပြော

ရုရှားက ယူကရိန်းကို ကျူးကျော်အပြီး ရာနဲ့ချီတဲ့ ဆေးရုံတွေ၊ တခြား တက္ကသိုလ်တွေကို ဖွတ်ဖွတ်ညက်ညက် ကြေတဲ့အထိ ဖျက်ဆီးပြီး ကင်ဆာရောဂါသည်တွေကို ကုဖို့ ဆေးမရှိတဲ့ ခွဲစိတ်ကုသဖို့ ခွဲခန်းမရှိတဲ့ ဆရာဝန်တွေ ကျန်ရစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဗြိတိန်မှာ ရဲရင့်သောယူကရိန်းနာမည်နဲ့ ကျင်းပတဲ့ ရန်ပုံငွေရှာဖွေရေး ပွဲစဉ်အတွင်း ဗွီဒီယိုမိန့်ခွန်းထဲကနေ ပြောလိုက်တာပါ။
တိုက်ပွဲအချက်အခြာဖြစ်တဲ့ ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အခြေခံဖြစ်တဲ့ ပဋိဇီဝဆေးတောင် မရှိတဲ့နေရာတွေ အများကြီးပဲလို့ ဇလန်းစကီးက ပြောပါတယ်။
ဒီနေ့ထိ ရုရှားစစ်တပ်က ဖျက်ဆီးခဲ့တဲ့ ဆေးရုံတွေ၊ သားဖွားဌာနတွေနဲ့ ပြင်ပလူနာဌာနတွေ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဌာန ၄၀၀ နီးပါးရှိပြီလို့ ဇလန်းစကီးက ပြောပါတယ်။
ရုရှားစစ်တပ် အဝိုင်းခံ မာရီယူပိုမြို့ကနေ အရပ်သားတွေကို ဘေးကင်းရာရွှေ့တာကို မေ ၅ ရက်မှာ ဆက်ပြီး ဆောင်ရွက်နေတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။ ဒါပေမဲ့ လူဘယ်လောက်ကို ရွှေ့ပေးခဲ့ပြီးပြီလဲဆိုတာ သူက မပြောပါဘူး။
ရုရှားတပ်တွေဟာ အရပ်သားတွေနဲ့ ယူကရိန်းစစ်သည်တွေ ခိုလှုံနေတဲ့ အာဇိုစတယ် သံမဏိစက်ရုံကို ဆက်ပြီး စီးနင်း ပစ်ခတ်နေတုန်းပဲလို့လည်း ဇလန်းစကီးက ပြောပါတယ်။