close

ထီးချိုင့်မြို့တွင် မူးယစ်ဆေးဝါး အရောင်းအဝယ် ပိုမိုများပြားလာ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတွေ ပိုမိုများပြားလာပြီး နေ့ညအချိန်မရွေး အရောင်းအဝယ်လုပ်နေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးရောင်းချနေတာကို စစ်ကောင်စီက လစ်လျူရှုထားတဲ့အတွက် ရောင်းတဲ့သူတွေဟာ ပေါ်တင်ရောင်းချနေပြီး လူငယ်အများအပြား မူးယစ်ဆေးဝါး ရဲ့သားကောင်ဖြစ်လာတယ်လို့ ဆိုပါတယ်။

ထီးချိုင့်မြို့နဲ့ကလေးမြို့အပါအဝင် မြို့ကြီးတော်တော်များများမှာ မူးယစ်ဆေးဝါးရောင်းချတာတွေကို မဖမ်းဘဲ စစ်ကောင်စီကလွှတ်ပေးထားတဲ့အတွက် စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်မှုတွေ၊ ဒုစရိုက်မှုတွေလည်း များပြားလာနေပြီး  ဒေသခံပြည်သူတွေဟာ အခက်အခဲမျိုးစုံကို တပြိုင်တည်းကြုံတွေ့နေရတာပါ။

ထီးချိုင့်မြို့ခံတစ်ဦးက "ထီးချိုင့်မြို့နယ်ထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူယစ်ဆေးတွေလည်း ပေါ်တင်ရောင်းချလာတယ်။ ကလေးတွေကလည်း ကျောင်းမတက်နိုင်တော့ မူးယစ်ဆေးတွေသုံးပြီး ပျက်စီးလာတာတွေ အများအပြားတွေ့လာရတယ်။ ထိထိရောက်ရောက်ကိုင်တွယ်မှုမရှိဘူး အဲ့ဒီလိုဖြစ်နေတယ်။ မူးယစ်ဆေးအနေနဲ့ကတော့ ဘိန်းမဲ၊ ရာဘခေါ်တဲ့ဆေးပြားရယ်။ အဲ့ဒါတွေ ရောင်းချနေတယ်ဗျ။ အသက်အရွယ်ကတော့ ၁၅ ရဲ့အထက် ၂၀ ဝန်းကျင်လေးတွေများပြီးတော့ ၂၅ နှစ်အရွယ်လောက်တွေ အဲ့ဒါမျိုးတွေဖြစ်နေကြတာဗျ။ ကျောင်းသားအရွယ်လေး တွေပျက်စီးနေကြတာတွေ့နေရတယ်။ မြေပြင်အနေအထားအရကတော့ စစ်ကောင်စီက ဆပ်ကြေးကောက်ပြီး ရောင်းနေတယ်လို့ ထင်တယ်ဗျ။” လို့ပြောပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအပါအဝင် မြန်မာပြည်ဒေသအနှံ့မှာ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်တင်တင် ရောင်းဝယ်ဖောက်ကားတာများလာပြီး လူငယ်လူရွယ်တွေအနေဲ့ မူးယစ်ဆေးတွေကို  ဈေးနှုန်းချိုသာစွာနဲ့ အလွယ်တကူ ဝယ်ယူအသုံးပြုခွင့်ရရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ မူးယစ်ဆေးရောင်းချတာကို လွှတ်ပေးထားပြီး လူငယ်တွေကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်မှုမရှိအောင်နဲ့ စိတ်ပါဝင်စားမှုမရှိအောင်၊ တော်လှန်ရေးကနေ သွေဖယ်သွားအောင် လုပ်ဆောင်နေတာလို့လည်း ထီးချိုင့် ဒေသခံတွေကတော့ သုံးသပ်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up