close

မောင်တောမြို့တွင် မြိုအမျိုးသားနေ့ အခမ်းအနား ပထမဆုံးအကြိမ်ကျင်းပ (ဓာတ်ပုံ)

မြိုလူမျိုးတွေရဲ့ ၆ ကြိမ်မြောက် အမျိုးသားနေ့ အခမ်းအနားကို  မေ ၆ ရက်မနက်က  ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ သုံးမိုင်ဘုန်းတော်ကြီးကျောင်းမှာ ပထမဆုံးအကြိမ် ကျင်းပပါတယ်။

မြိုအမျိုးသားနေ့ အခမ်းအနားကို ရခိုင်မျိုးနွယ်စုတွေဖြစ်ကြတဲ့ သက်၊ ဒိုင်းနက်၊ ခမီ တိုင်းရင်းသားတွေပါ တက်ရောက်ခဲ့ကြပြီး အချိန်လုံလောက်မှုမရှိတဲ့အတွက် ရခိုင်အမျိုးသားပါတီထံက ပေးပို့တဲ့ မြိုအမျိုးသားနေ့ သဝဏ်လွှာကိုတော့ ဖတ်ကြားခွင့် မရခဲ့ဘူးလို့ မောင်တောမြို့ ရခိုင်အမျိုးသားပါတီမှ တာဝန်ရှိတွေက ပြောပါတယ်။

"အချိန်မလောက်ဆိုပြီး အစီအစဉ်မှာ ရေးဆွဲထားတဲ့ သဝဏ်လွှာဖတ်ကြားမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်ဆိုပြီး ကြေညာလိုက်တယ်။ဘယ်လိုကိစ္စတွေကြောင့်လဲတော့ မပြောတတ်ဘူး" လို့ ပါတီ တာဝန်ရှိသူတဦးက ဆိုပါတယ်။

အခမ်းအနားကို မောင်တောမြို့ရှိ သံဃာတော်တွေ၊ ဌာနဆိုင်ရာတွေနဲ့ တက်ရောက်ခဲ့တယ်လို့ ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် ၃ မိုင်ဆရာတော်ကြီးရဲ့ ဖိတ်ကြားချက်အရ စစ်ကောင်စီ အရာရှိကြီးတွေပါ တက်ရောက်လာကြတာ တွေ့ရပါတယ်။"

ရခိုင်မျိုးနွယ်စုတွေရဲ့ အမျိုးသားနေ့တွေကို အသီးသီး ကျင်းပနိုင်ဖို့ စစ်ကောင်စီက ငွေကြေးထောက်ပံ့ပေးတာတွေ ရှိနေပြီး စစ်ကောင်စီ အရာရှိကြီးတွေပါ အခုလို အခမ်းအနားတွေကို တက်ရောက်လာတာလည်း ဖြစ်ပါတယ်။

လူနည်းစုတိုင်းရင်းသားဖြစ်တဲ့ မြိုလူမျိုးတွေအနေနဲ့ ရခိုင်ပြည်နယ် အနှံ့အပြားမှာ ပျံ့နှံ့နေထိုင်ကြပေမယ့် အမျိုးသားနေ့ကို သတ်မှတ်ထားတဲ့အတွက် ပုံမှန်ကျင်းပနိုင်အောင် စီစဉ်တာဖြစ်ပြီး စာပေနဲ့ လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုကို ထိန်းသိမ်းတန်ဖိုးထားပြီး ယဉ်ကျေးမှုမြင့်မားရေးတွေအတွက် ရည်ရွယ်ကျင်းပရတာ ဖြစ်တယ်လို့ မြိုခေါင်းဆောင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂ ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာမှာ ကျင်းပခဲ့သလို ၃ ကြိမ်မြောက် မြိုအမျိုးသားနေ့ကိုတော့ ကျောက်တော်မြို့မှာ ကျင်းပခဲ့ပပါတယ်။

မြိုတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်အနှံ့ နေထိုင်ကြပြီး လူဦးရေ ၃၀,၀၀၀ ကျော်ခန့်ရှိကာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ  အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up