“ချန်ပီယံဆုဖလားက ကျနော်တို့လက်ထဲမှာပါ” နည်းပြဂွါဒီယိုလာ ပြော

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မိမိတို့လက်ထဲမှာပဲရှိတယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။
မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ မန်စီးတီး အသင်းဟာ လက်ကျန် ၃ ပွဲအလိုမှာ လီဗာပူးကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီအခြေအနေကြောင့် ချန်ပီယံဆုဖလားက မိမိတို့လက်ထဲမှာပဲရှိပြီး ပွဲတိုင်း အနိုင်ကစားသွားဖို့ လိုအပ်တယ်လို့ နည်းပြ ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။
“၃ ပွဲအလိုမှာ နောက်ထပ် သုံးမှတ်ထပ်ပြီးရခဲ့တယ်။ ဒီပြိုင်ပွဲတခုပဲ ကစားရတော့မှာဖြစ်ပြီး ချန်ပီယံဆုဖလားက ကျနော်တို့လက်ထဲမှာပါ။ ကိုယ်ကစားရမယ့်ပွဲတိုင်း အနိုင်ကစားမယ်ဆိုရင် ချန်ပီယံဖြစ်ပါပြီ” လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူရူဘင်ဒီယက်ဇ် ဒဏ်ရာရခဲ့ပြီး လက်ကျန် ၃ ပွဲစလုံးကို လွဲချော်မယ်လို့ နည်းပြ ဂွါဒီယိုလာ အတည်ပြုခဲ့ပါတယ်။
မန်စီးတီးမှာ တခြားနောက်ခံလူ ဂျွန်စတုန်းစ်လည်း ဒဏ်ရာရနေပေမယ့် ကွင်းလယ်လူ ဖာနန်ဒင်ညိုက ဗဟိုခံစစ်မှာ ကစားနိုင်သလို ရိုဒရီဟာလည်း လိုအပ်မယ်ဆိုရင် ကစားနိုင်တာကြောင့် ပြဿနာတစုံတရာမရှိကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။