ရဟတ်ယာဉ်အမှုအတွက် တရားလိုကို အပြန်လှန် စစ်မေး

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ အမှုတွေကို မေ ၉ ရက်မှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလို ဦးအောင်ခန့်ကို အပြန်လှန်စစ်မေးခဲ့ပြီး နောက်ရုံးချိန်းမှာလည်း ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ အဂတိမှုတွေကိုပဲ ဆက်လက်ပြီး ပြန်လှန်စစ်မေးမယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာပါ။
ရုံးချိန်းကို လာရောက်တဲ့ သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း အဆိုပါတရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။