close

တရားမဝင်မြန်မာများစီးသည့်ကားကို ထိုင်းလုံခြုံရေးအဖွဲ့က ပစ်ခတ်ခြင်းဖြစ်၊ ပါဝင်သူများကို ဆက်စစ်မည်

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ  မေ ၆ ရက်က တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ကား ၁ စီး လမ်းမှာအပစ်ခံရပြီး ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင် တယောက်ကို ဖမ်းဆီးရမိထားတယ်လို့ ပရကျုပ်ခီရီခန်ခရိုင်ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်မှာ အသက် ၅၁ နှစ်ရွယ် နိုင်းကွန်းဖျိန်း ကယောက်ပဆစ် ဆိုသူ ဖြစ်ပြီး ပရကျုပ်ခီရီခန်မြို့နယ် ကော်လတ်အုပ်စုကလို့ ဆိုပါတယ်။ 

တရားမဝင်အလုပ်သမားတွေတင်လာတဲ့ကား အပစ်ခံရတဲ့ကိစ္စ နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်ပြား စေပြီး ဥပဒေမဲ့လုပ်ရပ်လည်းဖြစ်တဲ့အတွက် ပစ်ခတ်သူကို စုံစမ်းဖမ်းဆီး အရေးယူဖို့ ထိုင်းအမျိုးသားရဲချုပ်ကြီးကိုယ်တိုင် ညွှန်ကြားထားတာပါ။ 

မေ ၈ ရက်နေ့မှာတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးက ကျူးလွန်သူ နိုင်းကွန်းဖျိန်းကို  သူကိုင်တဲ့သေနတ်၊ အဲဒီညက ဝတ်ထားတဲ့ ဝတ်စုံနဲ့အတူ သက်သေအဖြစ် ခရိုင်ရဲတပ်ဖွဲ့ထံ လာရောက်အပ်နှံခဲ့တာပါ။

နိုင်းကွန်းဖျိန်းကတော့ သူဟာ လူကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ပစ်ခတ်တာမဟုတ်ကြောင်း၊ စစ်ဆေးတဲ့ကားက ရပ်မပေးလို့ ခြိမ်းခြောက်တဲ့အနေနဲ့ ၁ ချက်ပစ်လိုက်ပြီး လူတွေထိသွားတယ်ဆိုတာ မသိရကြောင်း၊ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့ သေနတ်ကို မိုးပေါ်ထောင်ပစ်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ 

ဒါပေမဲ့ သေဆုံးသူ ကျော်ရဲအောင် (၃၀ နှစ်) ရဲ့ အလောင်းမှာ သေနတ်ဒဏ်ရာ ၁ ချက်မကရှိပြီး ဆေးရုံတက်နေရတဲ့ နောက် ၃ ဦးလည်း သေနတ်မှန်ထားကြောင်း၊   ကားဘော်ဒီဘေးမှာလည်း ၂ ချက်၊ ကားနောက်ခြမ်းအပိတ်မှာ ၁ ချက်၊ ကားနောက်ခန်းမှန်မှာ ၁ ချက် တွေ့ရှိလို့ နောက်ထပ်ပါဝင်သူတွေ ဆက်လက်စစ်ဆေးဖော်ထုတ်သွားမယ်လို့  အမှတ် ၇ တိုင်းဒေသရဲမှူးချုပ် ထနားယုဒ် ဝုဒ်ကျရတ်ထမ်းရုန်းက သတင်းထောက်ကို ပြောသွားပါတယ်။

မွန်ပြည်နယ် မုဒုံဘက်ကလာတဲ့ မြန်မာ ၁၄ ဦးဟာ ပွဲစားအဆက်အသွယ်နဲ့ ထိုင်းမှာ အလုပ်လုပ်ဖို့  ပြီးခဲ့တဲ့မေလ ၆ ရက်နေ့ မနက်အစောပိုင်းက ပုန်းနေတဲ့ တောထဲကနေ လာကြိုတဲ့ ကားနဲ့လိုက်လာစဉ် လမ်းမှာ စစ်ဆေးရေးဂိတ်နဲ့တွေ့ခဲ့ပါတယ်။

ကားသမားက ရပ်မပြေးဘဲ မောင်းပြေးသွားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနောက်ကလိုက်လာပြီး ကော်လတ်အုပ်စုထဲမှာ ကားရောလူပါ သေနတ်ပစ်ခံခဲ့ရတာပါ။ ကားသမားကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး လုံခြုံရေးစစ်ဆေးရေး တပ်ဖွဲ့ဝင်တွေကတော့ အစပိုင်းက သူတို့မပစ်ရဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up