close

သီရိလင်္ကာတွင် ဆန္ဒပြသူများက ဝန်ကြီး ၁ ဦး၏အိမ်ကို မီးရှို့

သီရိလင်္ကာသမိုင်းမှာ အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကြောင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ ပေါ်ပေါက်နေပြီး မေ ၉ ရက်မှာ ဆန္ဒပြသူတွေဟာ ဝန်ကြီးတယောက်ရဲ့ အိမ်ကို မီးတင်ရှို့ခဲ့ ပါတယ်။

နုတ်ထွက်သွားခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့ အစိုးရလက်အောက်က ဝန်ကြီး ဆာနာ့သ် နိရှန်သာ ပိုင်တဲ့အိမ် မီးလောင်နေပုံကို အာရတ်ချ်ချီကတ်တူဝါက ဓာတ်ပုံရိုက်ယူထားခဲ့တာပါ။

ဝန်ကြီးချုပ် ရာဂျာပတ်စာကတော့ အကျပ်အတည်းကနေ ထွက်ပေါက်ရှာဖို့ ကြိုးစားရေး ညီညွတ်ရေးအစိုးရဖွဲ့ဖို့ လမ်းပေးတဲ့အနေနဲ့ တနင်္လာနေ့က ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေကတော့ သူ့ ညီဖြစ်သူ သမ္မတအဖြစ်ကနေ နုတ်ထွက်စေချင်တယ်လို့ ပြောပါတယ်။

မြို့တော် ကိုလံဘိုမှာ လက်ရှိအာဏာရ ပါတီကို ထောက်ခံသူတွေက အစိုးရ ဆန့်ကျင်ရေး သပိတ်စခန်းတခုကို ဝင်စီးခဲ့လို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ရေအမြောက်တွေနဲ့ နံပါတ်တုတ်တွေ သုံးပြီး လူစုခွဲခဲ့ရအပြီးမှာ နာရီပိုင်းအတွင်း ဝန်ကြီးချုပ် နုတ်ထွက်ခဲ့တာပါ။

ဆန္ဒပြပွဲတွေ အရှိန်မြင့်လာလို့ ဝန်ကြီးချုပ်ရဲ့ ညီအရင်း သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာက အရင်အပတ်က အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကြားက အခုတော့ ပြည်လုံးကျွတ် နေဝင်မီးငြိမ်း အမိန့်ကို ထုတ်ပြန်ထားရပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာမှာ ကာလကြာရှည် လျှပ်စစ်မီး ပြတ်တောက်နေပြီး လောင်စာ၊ မီးဖိုချောင်သုံး ဓာတ်ငွေ့နဲ့ ဆေးဝါး စတဲ့ မရှိမဖြစ် ကုန်စည်တွေ ပြတ်တောက်နေပါတယ်။

အစိုးရမှာလည်း သုံးလို့ရတဲ့ အရန်နိုင်ငံ​ခြားငွေ သန်းငါးဆယ်သာ ကျန်ပါတော့တယ်။

အစိုးရ လိုလားတဲ့ ထောက်ခံသူတွေက နေရာလေးခုထက်မနည်းမှာ တိုက်ခိုက်ခံရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

လွှတ်တော်အမတ်တွေရဲ့ ရွေးကောက်ပွဲ ရုံးတွေနဲ့ အိမ်တွေလည်း တိုက်ခိုက်ခံရတယ်လို့ ဖော်ပြပါတယ်။

မြို့တော်ဝန် ၂ ယောက်ထက် မနည်း နေအိမ်မီးရှို‌ခံရတယ်လို့ ရဲသတင်းရင်းမြစ်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up