close

စစ်ကိုင်းတိုင်းအတွင်း နေအိမ်များကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့နေတာကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ စစ်ကိုင်းတိုင်းထဲက ဒေသခံအိမ်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့နေတာတွေ နေ့စဉ်ပြုလုပ်နေတယ်ဗျ။ ဒီနေ့ (မေ ၇ရက်) လည်း ဘုတလင်မြို့နယ်၊ ရွှေတောင်ရွာကို ညနေ ၃ နာရီကျော်အချိန်က မီးရှို့သွားတယ်ဗျ။ အိမ်ခြေကတော့ အခုအထိ စစ်ကောင်စီက မီးရှို့နေတုန်းဆိုတော့ အတိကျမပြောနိုင်သေးဘူး။ အဲလိုလုပ်တော့ ကျနော်တို့ ဒေသခံတွေ စာဝတ်နေရေးတွေ တနေ့ထက်တနေ့ ပိုပြီးခက်ခဲလာတယ်။ ဒါသက်သက်ပြည်သူကို ဒုက္ခရောက်အောင်ကိုလုပ်နေတာ။ PDF ကို တွေ့အောင်ရှာ မိအောင်ဖမ်းပေါ့။ အခုလိုပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့တာကတော့ တရားလွန်တယ်” လို့ ဘုတလင်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်‌ဟာ ဘုတလင်ကို စစ်ကြောင်နှစ်ခုခွဲပြီး ကျေးရွာတွေကို မီးရှို့နေကာ မေ ၅ ရက်နေ့မှာ တော်ဦးဘရွာက နေအိမ် ၇ လုံး မီရှို့ခဲ့ကာ ဒေသခံ ၅ ဦးကိုလည်း အရှင်ဖမ်းပြီးသတ်ခဲ့ကြောင်း၊ ၆ ရက်နေ့ကလည်း ကံသစ်ရွာက နေအိမ် ၄၇ လုံး မီးရှို့ခဲ့ပြီး ဒေသခံ တဦးကို မီးထဲရှို့သတ်ခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်က ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကိုလည်း မေ ၇ ရက်နေ့ နေ့လယ် ၂ နာရီခွဲကျော်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရှို့တာကတော့ ကျနော်တို့ ချမ်းသာရွာရဲ့ မြောက်ပိုင်းဘက်ကနေ စရှို့နေတယ်၊ လက်ရှိအချိန်အထိ ရှို့နေတုန်းဗျ။ စကစတွေက ရွာထဲက မထွက်သေးဘူးဆိုတော့ မီးလောင်ဆုံးရှုံးတဲ့ အိမ်အရေအတွက် အတိအကျမပြောနိုင်သေးဘူးဗျ။ သူတို့က ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့လို့ ဘာထူးခြားမှာလဲ။ အခုလို ရွာမီးရှို့တော့ စားဝတ်နေရေးခက်ခဲရုံကလွဲလို့ သူတို့ကို မတော်လှန်နိုင်ဘူးလို့များ ထင်နေတာလားမသိဘူး။ နေအိမ်တွေသာ မီးရှို့လို့ရမယ်။ စားစရာမရှိရင် ငှက်ပျောအူစားပြီး တော်လှန်မယ်။ နေစရာမရှိလည်း သစ်ပင်အောင် ဖျာခင်းပြီးနေမယ်။ ဘယ်တော့မှာ နောက်ဆုတ်သွားမှာမဟုတ်ဘူး” လို့ ချမ်းသာရွာသားတဦးက ပြောပါတယ်။

အခုစစ်ကောင်စီက မီးရှို့နေတဲ့ ချမ်းသာကျေးရွာဟာ အိမ်ခြေ ၇၀၀ ကျော်ရှိကာ လက်ရှိအချိန်မှာ ဒေသခံတွေ အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မေ ၇ ရက်နေ့တရက်တည်းမှာတင် ဘုတလင်၊ ရေဦး၊ မြောင် စတဲ့ မြို့နယ်တွေမှာ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာပါ။ အခုလို ကျေးရွာတွေကို မီးရှို့တာတွေ သူတို့ တပ်ဖွဲ့ဝင်တွေ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက အမြဲလိုလို ငြင်းဆိုလေ့ရှိပါတယ်။

၂၀၂၁ ခု၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့  ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပြီး စစ်ကိုင်းတိုင်းက ၇၅၀၀ ကျော်နဲ့အများဆုံးဖြစ်တယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up